ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနဲ့ သိန္နီကြားမှာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ စက်တင်ဘာ ၂၆ ရက်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့လို့ လမ်းအသွားအလာ ယာယီယာဉ်ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း ခရီးသွား ပြည်သူတွေဆီက သိရပါတယ်။
"ညနေ ၄နာရီ ၂၀ မိနစ် ဝန်းကျင်မှာ သိန္နီနဲ့ လားရှိုးကြား၊ လားရှိုဘက်ခြမ်း နမ့်တွန်းကျေးရွာ၊ S ကွေ့အနီးက မိန်းလမ်းမ ပိတ်ထားလို့ မြေသားလမ်းကနေဖြတ်သန်း သွားလာနေကြရတယ်" လို့ ခရီးသွားတစ်ဦးက ပြောပါတယ်။
နောက်ထပ် ခရီးသည် တစ်ဦးကလည်း "ကျနော် ၃ နာရီ ခွဲလောက် ဖြတ်တဲ့အချိန်က မပိတ်သေးဘူး။ အပြန် ၄ နာရီ ၂၀ မှာ ပိတ်ထားပြီ" လို့ အဝေးပြေး လမ်းမ ပိတ်ထားကြောင်း ပြောပါတယ်။
စစ်ကြောင်း ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ အမည်မသိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ စက်တင်ဘာ ၂၆ ရက် မနက် ၉ နာရီခွဲ ဝန်းကျင်ကစပြီး လားရှိုးမြို့နယ် နမ့်တွန်းကျေးရွာအုပ်စု၊ နမ့်ဟူးကျေးရွာနှင့် မန်ဒေါင်ကျေးရွာကြားမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့တယ်လို့ ဖြတ်သန်းသွားလာသူတစ်ဦးက ပြောပါတယ်။
စစ်ကြောင်းချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကိုးကန့် MNDAA တပ်ကကြားဖြတ် တိုက်ခိုက်လို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပေမဲ့ အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ရှိပေမယ့် ထိခိုက်မှု ရှိ၊ မရှိ မသိရသေးပါဘူး။
မနေ့ည ၈ နာရီခွဲမှာတော့ ကွတ်ခိုင်တပ်ကနေ စစ်ကား ၇ စီး လူအင်အားအပြည့်နဲ့ မူဆယ်ဘက်တက်သွားတာ ရှုခင်းသာကျော်လာပြီလို့ အမည်မဖော်လိုသူ မျက်မြင်တစ်ဦးက ပြောပါတယ်။
စစ်တင်ဘာ ၂၀ ရက်ကလည်း စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ နမ့်တွန်းရွာ အနီး တိုက်ပွဲဖြစ်ပွားကာ အတက်၊ အဆင်း ယာဉ်ကြီး၊ ယာဉ်ငယ်တွေကို သွားလာခွင့် မပြုပဲ နာရီပိုင်းကြာ လမ်းပိတ်ခဲ့တာလည်း ဖြစ်ပါတယ်။
အခုရက်ပိုင်းတွေမှာ လားရှိုးနဲ့ သိန္နီကြား ကားလမ်းမပေါ် မကြာခဏ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တိပ်ဖွဲ့တို့အကြား ကြိုကြား ကြိုကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ ကြောင့် ကားလမ်းကို အမှီပြု အလုပ်လုပ်ကိုင်နေကြတဲ့ ပြည်သူတွေက စိုးရိမ်နေကြပါတယ်။