ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်းက မြို့ ၂ မြို့ဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမြို့နဲ့ ဘုရားသုံးဆူမြို့တို့မှာ စက်တင်ဘာ ၂၅ ရက် ည ၇ နာရီလောက်က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကြာအင်းဆိပ်ကြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအနောက်ဘက်နဲ့ မြို့ပေါ်ရပ်ကွက်တစ်ခုမှ ဗုံးဆက်တိုက်ပေါက်ကွဲခဲ့ရာမှာ ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။
အလားတူ ဘုရားသုံးဆူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အနီးမှာမှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရှိသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဘုရားသုံးဆူမြို့၊ ပေါက်ကွဲမှုဖြစ်တဲ့အနီးနေထိုင်သူ တစ်ဦးက “မြို့နှစ်မြို့လုံးမှာ ဆက်တိုက်ပဲ ဗုံးကွဲတာ။ ဘုရားသုံးဆူမှာ လုံခြုံရေးစောင့်တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိတယ်ကြားတယ်။ ညဘက်ဆိုတော့ အသံကတော်တော် ကျယ်တယ်။ ပေါက်ကွဲပြီးတာနဲ့ စကစတွေရောက်လာပြီး သေနတ်ပစ်ဖောက်တော့တာပဲ"လို ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း မြို့နယ် နှစ်မြို့လုံးကို လုံခြုံရေးတင်းကျပ်ထားသလို လမ်းသွားလမ်းလာတွေကို စစ်ကောင်စီတပ်တွေက စောင့်ကြည့်စစ်ဆေးနေပါတယ်။
အဆိုပါပေါက်ကွဲမှုဖြစ်ပွားရာ ဒေသတွေဟာ ကေအန်ယူ တပ်မဟာ ၆ ၊ (ဒူးပလာယာခရိုင်) ထိန်းချုပ်နယ်မြေဖြစ်ပြီး စစ်ကောင်စီရဲ့ တပ်တွေ နယ်မြေတိုးချဲ့ သွားလာလှုပ်ရှားနေတဲ့အတွက် နေ့စဥ်နီးပါး တိုက်ပွဲဖြစ်ပွားနေသလို နှစ်ဖက် စစ်ရေးတင်းမာနေပါတယ်။