ကရင်ပြည်နယ်၊ မြဝတီမြို့အထွက် အာရှလမ်းမဘေး အနီးက စစ်ကောင်စီရဲ့ ခလရ (၂၇၅) တပ်ကို စက်တင်ဘာ ၂၄ ရက် ည ၁၀ နာရီလောက်မှာ လက်နက်ကိုင်တစ်စုက ဒုတိယအကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ ဘီဂျီအက်ဖ်တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တိုက်ပွဲဖြစ်ပွားရာအနီး နေထိုင်သူတစ်ဦးက ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပွားရာအနီး နေထိုင်သူ တစ်ဦးက"ညက ပစ်ခတ်မှုက ဘုးရာကုန်းအနီးကနေစ ကြားတာ။ သိပ်မကြာဘူး။ စကစဘက်က လက်နက်ကြီးတွေပါ ပစ်ခတ်သံကြားရတယ်။ ပြီးတော့ BGF တပ်ဖွဲ့ဝင်တစ်ဦး ထိတယ် ကြားတယ်"လို့ ဆိုပါတယ်။
မြဝတီမြို့ဒေသခံ အမျိုးသမီးတစ်ဦးက" ဖြစ်ဖြစ်ချင်းတော့ ကြောက်တာပေါ့။ ဟိုပြေးရမလို ဒီပြေးရမလိုနဲ့။ စစ်တပ်က ရမ်းပြီး တပ်ထဲကနေ ပစ်နေတာ။ တဘက်က လာပစ်တဲ့သူ ထိလား မထိလား မသိဘူး။ ပစ်ခတ်သံတွေ ကြားရတယ်"လို့ ဆိုပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မြို့တွင်း ဝင်ထွက်သွားလာသူတွေကို စစ်ဆေးမှုတွေပြုလုပ်နေသလို လုံခြုံရေးတင်းကျပ်ထားပါတယ်။
အဆိုပါတပ်ရင်းကို စက်တင်ဘာ ၂၁ ရက် ည ၈ နာရီလောက်ကလည်း လက်နက်ကိုင်တစ်စုက ဝင်ရောက်ပစ်ခတ်ခဲ့ရာ မိနစ်အနည်းငယ်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ထိခိုက် သေဆုံးသူမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။