ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ စက်တင်ဘာလ ၂၄ ရက်နေ့ ညပိုင်းက ဗုံး ၂ လုံးပေါက်ကွဲခဲ့လို့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တာကွေ့ကျေးရွာအနီး ရန်ကုန်-ပုသိမ် ကားလမ်းမဘေးရှိ UTT & SONS ဆီဆိုင်နားမှာ ည ၇ နာရီကျော်လောက်က ၁ လုံး ပေါက်ကွဲခဲ့ပြီး အမှတ် ၃ ရပ်ကွက်မှာ ၁ လုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
"ဗုံးပေါက်တာက ညပိုင်းဆိုတော့ အသံကြားလိုက်ရတယ် ဗုံးလို့ သေချာမသိကြဘူး။ နောက်တစ်လုံးက မြို့ပေါ်ဆိုတော့ သိလိုက်တာ အားလုံးဆို ၂ လုံး” လို့ ဒေသခံတဦးက ပြောပါတယ်။
အမှတ် ၃ ရပ်ကွက်မှာ ပေါက်ကွဲခဲ့တဲ့ ဗုံးကြောင့် ကားလမ်းမဘေး အိမ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့ နေရာတွေကို အကြမ်းဖက်စစ်ကောင်စီရဲ့တပ်တွေ ရောက်လာပြီး ဆဲဆိုခြိမ်းခြောက်တာတွေ ပြုလုပ်ကာ ပိတ်ဆို့စစ်ဆေးခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
ညောင်တုန်းမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲတာတွေရှိခဲ့ပေမယ့် စက်တင်ဘာလပိုင်းမှာတော့ ဒါဟာ ဒုတိယအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။