ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေမှာ လူပုဂ္ဂိုလ်တွေ အမြဲတမ်း မနေထိုင်ဖို့နဲ့ ယာယီ နေထိုင်သူတွေရှိပါက ဧည့်စာရင်းတိုင်ဖို့ စစ်ကောင်စီက ညွန်ကြားထားတယ်လို့ သိရပါတယ်။
CRPH၊ NUG၊ PDF အဖွဲ့တွေဟာ ဘုန်းကြီးကျောင်းတွေမှာ ခိုအောင်းလှုပ်ရှားတာတွေ လုပ်နေတာကြောင့် ဖြစ်တယ်လို့ စစ်ကောင်စီခန့်သာသနာရေးဝန်ကြီးဦးကိုကိုက စက်တင်ဘာ ၂၁ ရက် ရက်စွဲပါစာနဲ့ ထုတ်ပြန်အသိပေးထားပါတယ်။
စက်တင်ဘာ ၁၂ ရက်က ဧရာဝတီတိုင်းထဲက ဘုန်းကြီးကျောင်းတစ်ခုမှာ လက်လုပ်ဖောက်ခွဲ ရေးပစ္စည်းတချို့ဖမ်းမိတာ၊ စက်တင်ဘာ ၁၄ ရက်က မိတ္ထီလာမြို့က ဘုန်းကြီးကျောင်းဝင်းတစ်ခုအတွင်း ငွေစက္ကူအတု လုပ်တဲ့ကွန်ပြူတာ ဆက်စပ်ပစ္စည်းတွေနဲ့ ငွေစက္ကူအတုတွေ ဖမ်းမိခဲ့တယ်လို့ အခုထုတ်ပြန်တဲ့စာမှာ ရည်ညွှန်းဖော်ပြထားပါတယ်။
အဲဒီအသိပေးစာကို ဒီရက်ပိုင်းအတွင်း ဘုန်းတော်ကြီးကျောင်းနဲ့သီလရှင်ကျောင်းတွေဆီ ထပ်ဆင့်ဖြန့်ဝေ ရောက်ရှိလာတယ်လို့ ကျောင်းထိုင်ဆရာတော်တချို့က ဆိုပါတယ်။
ပထမတခါ နှုတ်နဲ့ အကြောင်းကြားပြီး ခုစာပါရောက်လာကြောင်း အဓိက လူစိမ်း လက်မခံဖို့ ဖြစ်ကြောင်း လိူင်သာယာမြို့နယ်မှ ကျောင်းထိုင်ဆရာတော်တပါးက မိန့်ပါတယ်။