Home
ဆောင်းပါး
ရင်နဲ့အမျှပါ ထန်တလန်
DVB
·
September 24, 2021
242740620_413649580479679_4572099263202557175_n

“သူငယ်ချင်း… လိုက်ခဲ့စမ်းပါ… အလယ်တခေါက်လိုက်ခဲ့စမ်းပါ … တို့များ … ချင်းဓလေ့ထုံးစံများ မြင်စေချင်စမ်းတယ်။ တောင်ပေါ်ခေါင်ရေ … ချိုမြမြ… တကျိုက်လောက်သောက်ရင် .. အမောပြေ.. ဒါဟာလည်း.. ချင်းပြည်ရဲ့ ဓလေ့တခုပါ…။” 

ချိုမြမြတေးသံလေးပျံ့လွင့်နေတယ်။ ဒါပေမဲ့ ရင်ထဲမှာတော့အမောမပြေနိုင်။ ကြည်မောဖွယ်ရာ ချင်းပြည်နယ်ရဲ့ အလှတွေအားလုံး အနိဋ္ဌာရုံလှိုင်းတို့ ရိုက်ခတ်နေလေရဲ့။ တချက်တချက် ပလွေသံနွဲ့နွဲ့က ရင်ကိုရိုက်ခတ်လာပြန်တယ်။ ထူးထူးခြားခြား ချင်းလူမျိုးစုတွေရဲ့ ဝါးဂီတသံ၊ နှာခေါင်းနဲ့ မှုတ်တဲ့ ရှားပါးပုလွေသံ။ ချင်းဒေသမှာသာ မြင်ခွင့်တွေ့ခွင့် နားထောင်ခွင့်ရခဲ့တာပဲမဟုတ်လား။ ‘တောင်ပေါ်ခေါင်ရေချိုမြမြ’လိုပဲ ဝါးပုလွေသံချိုမြမြကလည်း လွမ်းဆွတ်ဖွယ်ရာ ချင်းဓလေ့တခုပါပဲ။

ဝါးဂီတကို Tlng Teng လို့ခေါ်ကြတယ်။ ချင်းလူမျိုးတို့ရဲ့ ဘိုးဘေးဘီဘင်’ အမွေတခုပေါ့။ ‘ဖွီ’၊ ပန်းခိုး၊ လတ်ချို ပိုက်ပိုလိုလိတ်ဆွေး’၊ ‘ဟွေး’ဆိုတဲ့ သံစဉ်(၅)မျိုး ဖွဲ့စည်းထားတဲ့ ချင်းရိုးရာဂီတသံတွေနဲ့ ‘ခွေါင်ကြွဲပွဲ’မှာ ဆုံတွေ့ခဲ့ရတဲ့ ‘ဒေလီယာခေါန်နူး’ ရုပ် ရုပ်သွင်က မျက်ဝန်းမှာ တရိပ်ရိပ်ပေါ်လာတယ်။ အဲ့ဒီနေ့က ကျင်းပခဲ့တဲ့ ‘ခွေါင်ကြွဲပွဲ’ ဆိုတာ သူ့ကို ဂုဏ်ပြု အမွန်းတင်းတဲ့ပွဲပေါ့။ ခွေါင်’Khuang ဆိုတာ တောင်ပို့ သဏ္ဍာန်အတုလုပ်ထားတဲ့ဝေါစင်ပါပဲ။ ကြွဲ’ ကချီးမြှောက်တာ။ ဝေါစင်နဲ့ ချီးမြှောက်တဲ့ပွဲလေ။ သူ့အလှ၊ သူ့သီလနဲ့ သူ့ဂုဏ်ကို မိသားစုအကြီးအကဲက ဂုဏ်ပြုချီးမြှင့်တင်စားဖွဲ့သီတဲ့ပွဲပေါ့။ ဒီပွဲရဲ့ဇာတ်လိုက်က ဒေလီယာခေါန်နူးလေ။

အဲ့ဒီနေ့ကတော့ ဂျပ်ခုတ်ရိုးရာထည်လေးနဲ့ ဒေလီယာခေါန်နူးအလှကိုပိုပေါ်လွင်နေသလိုပဲ။ ရင်သိမ့်သိမ့်တုန်တဲ့ ကြည်နူးဖွယ် သူငယ်ချင်းအလှကို ငေးမောနေမိသလို သူ့အကြောင်း‘ဟိမဝန္တာချီးမွန်းခန်း’ဖွင့်နေကြပေမယ့် သူတို့စကားမပေါက်သူအဖို့တော့ သူ့အလှမှာပဲ ငေးခွင့်ရနေတာကလည်း ဘုရားပေးတဲ့ဆုပါပဲလေ။ တကယ်တော့ဒီနေရာ ဒီဒေသကို ခေါန်နူးရဲ့ဖိတ်ကြားချက်နဲ့ ရောက်လာခဲ့တာ။

မှိုင်းညို့ညို့နှင်းစိုနေတဲ့တောင်တန်းတွေ။ စိမ်းပြာရောင် တောင်တွေအထပ်ထပ်က ချင်းပြည်နယ်ကိုကာရံထား သလိုပါပဲ။ ဟားခါးနဲ့ ထန်တလန်ကြားမှာ ငြိမ့်ငြိမ့်သွယ်သွယ်နဲ့ တသိမ့်သိမ့်လေးစီးဆင်ရစ်ခွေနေတဲ့ ‘ကုလားတန်’ မြစ်ကလည်း စိမ်းလဲ့လဲ့ကြည်လင်နေတယ်။ ထန်တလန်ရဲ့အလှကို vuichip နဲ့ Maru တောင်တန်းတွေကြားထဲက Vuhava နဲ့ Lahva ချောင်းတွေကလည်း အရှေ့နဲ့အနောက်တို့ကနေ ပတ်ခွေစီးဆင်းနေပုံကလည်း တင့်မောဖွယ်ရာ ပန်းချီကားတချပ်လိုပါပဲ။

ဟိုအဝေးက ‘ကျီရီကန်းတောင်’ဆီမျှော်ကြည့်လိုက်ရင် အမြဲစိမ်းနေတဲ့ မြက်ခင်းပြင်တွေ ထင်းရှူးတောတွေ။ မြက်ခင်းစိမ်းတွေကြားထဲ အစာရှာနေကြတဲ့ နွားနောက်တွေ တောင်ဆိတ်တွေ ကျက်စားနေကြလေရဲ့။ သဘာဝချစ်သူတွေပျော်မွေ့ရာနေရာတခုပါပဲ။ ‘သီကီရ်းဆည်”ရဲ့ နှုတ်ခမ်းသားတွေပေါ်မှာ တောင်စွယ်တောင်ရိပ်တွေထိုးကျနေပုံကလည်း တကယ့်ရင်သပ်ရှုမော ကြည်နူးစရာပါပဲ။

သီကီရ်းဆည်ပတ်လည်က ဂျပန်ဆာကူရာချယ်ရီပင်တန်းမှာ ခရမ်းရောင်အပွင့်တို့နဲ့ ချယ်သထားပုံကလည်း သဘာဝပန်းချီကားတချပ်ကို မြင်တွေ့လိုက်ရသလို ‘တောင်ပေါ်ခေါင်ရည် ချိုမြမြတကျိုက်’ စုပ်လိုက်ရသလို အေးမြရင်မှာ အမောပြေခဲ့ရတယ်။ တောဆိတ်တောင်ဆိတ်တွေ သဘာဝတောရိုင်းတွေကလည်း လွတ်လပ်စွာ မြူးတူးခုန်ပေါက်လို့။ သူတို့နဲ့အပြိုင် တောင်ဇလပ်ပွင့်တို့ကလည်း ဝေဝေစီစီ။

တကယ်လို့များ တဘက်နိုင်ငံအိန္ဒိယဘက်ကို မျှော်ကြည့်ချင်ရင် ပေ ၆၅၀၀ မြင့်တဲ့ “မီအေပီတောင်’ပေါ်တက်ရင်း နယ်ခြားမျဉ်းကိုကျော်ပြီး ဆွေမျိုးစု‘မီဇိုရမ်ပြည်’ကို အလွမ်းပြေငေးမောလို့ရသေးတယ်။ ကြည်လင်နေတဲ့ ကောင်းကင်ပြာအောက်မှာ  အဝေးကနေ မှုန်ပျပျမြင်နေရပေမယ့် ဆွေမျိုးစုတွေမို့လည်း ရင်ကိုနွေးထွေးသွားစေခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ ဆွေမျိုးစုတွေပဲလေ။ လွမ်းပေမပေါ့။ 

ရေအောက်ချောင်းဖြတ်စီးနေတဲ့ Leisih လိုဏ်ဂူတလျောက် ကျောက်တုံးလေးတွေပေါ် ဖြတ်ကျော်နေတဲ့ရေစီးသံဟာလည်း ချင်းတို့ရဲ့ဝါးတူရိယာသံလိုပဲ အလွမ်းဓာတ်ခံရှိသူတွေရဲ့ ရင်ကိုနှိုးဆွပေးနိုင်စွမ်းပါဘိတော့။ အခုထိ လန်းလန်းဆန်းဆန်း ခံစားနေရတာက “ကုမ်သီပွဲတော်”ကျင်းပခဲ့ရတာကိုပါ။ တနည်းဆိုရင်တော့ ‘နှစ်သစ်ကူး ပွဲတော်’ပေါ့။ 

အဲ့ဒီညက သန်းကောင်မတိုင်မီ ကတည်းက ဝါးကျည်တောက်တွေအသင့်ပြင်လို့။ တောင်အောက်ခြေမှာ တငြိမ့်ငြိမ့်စီးဆင်းနေတဲ့ ချောင်းစပ်ကိုရောက်ခဲ့ကြတယ်။ သန်းခေါင်ကျော် အေးစက်စက်လေလေးကလည်း ခပ်ဖြူးဖြူးလေး နော့နေလေရဲ့။ ပရစ်သံသဲ့သဲ့ကြားရတာကလွဲပြီး တတောလုံးတိတ်ဆိတ်လို့။ မီးတုတ်အလင်းနဲ့အမှောင်ကို ခွင်းနိုင်ပေမဲ့ တောင်အဆင်းအတက်မြေနီလမ်းကလေးကတော့ မချောမွေ့ပေဘူးပေါ့။ ခေါန်နူးရဲ့ဖေးမတွဲယူ ကမ်းလင့်ကူတဲ့ လက်ဖဝါးနုနုကိုဆုပ်ကိုင်ရင်း စိမ့်စိမ့်အေးအေး စမ်းရေတပေါက် သောက်ခဲ့ရသေးတယ်။

တကယ်တော့ရေခပ်သွားခဲ့ကြတာပါ။ သန်းခေါင်ကျော်တာနဲ့ ကျေးငှက်တိရိစ္ဆာန်တွေ မသောက်သုံးမီ သန့်စင်တဲ့ရေရဖို့ တောင်အဆင်းအတက် ခရီးနှင်ခဲ့ကြတာ။  အဲ့ဒီရေက တနှစ်တာရဲ့အစ ဘယ်သတ္တဝါမှာ မထိတို့ရသေးတဲ့ မသောက်သုံးရသေးတဲ့ အညစ်ကြေးမြူတမှုံတောင်မရှိစေတဲ့ သန့်စင်တဲ့ နှစ်သစ်ရေပေါ့။ အဲ့ဒီ သန့်စင်တဲ့ ညဉ့်ဦးယံရေကြည်သန့်နဲ့  နောက်ရက်မနက်မှာ  ပက်ဖျန်းပြီး “ကုန်သီပွဲတော်” ခေါ်တဲ့ နှစ်ကူးပွဲတော်ကျင်းပကြရတာ။ အဲ့ဒီလို သန့်စင်တဲ့ရေနဲ့ပဲ နှစ်သစ်ကူးပေးခဲ့ရတဲ့ ဧပြီ ၁ ရက်နေ့။ ခေါန်နူးလည်းသန့်စင်တဲ့ အပြုံးတွေနဲ့။ ကြည်နူး ခွန်းတုံ့ဖလှယ်ခဲ့တဲ့ အမှတ်တရနေ့ရက်တွေ..။ အဲ့ဒီရက်တွေကို လတ်လတ်ဆတ်ဆတ် လွမ်းနေမိသေးတယ်။

အလွမ်းတွေစာဖွဲ့ရရင် ကလေး-တီးတိန်လမ်းမကြီးကို ထီးလိုအုပ်မိုးထားတဲ့ ကနေဒီတောင်တန်းကြီးကိုလည်း လွမ်းတယ်။ ပြီးတော့ သမိုင်းဝင် “ရှားလ်လုမ်ခံတပ်”ကိုလည်း လွမ်းတယ်။ တချိန်က ဒီခံတပ်ကနေ နယ်ချဲ့ကိုလိုနီရဲ့ အုပ်စိုးမှုကို လက်မခံပဲ တော်လှန်ခဲ့တဲ့ ခံတပ်ဟောင်းကြီးပါ။ ဗြိတိသျှကိုတော်လှန်ခဲ့တဲ့ သူရဲကောင်းချင်း လူမျိုးတို့ရဲ့ ‘အာဇာနည်ဗိမ္မာန်’လေးပါပဲ။ အခုတော့ စစ်မိစ္ဆာတော်လှန်ရေးပေါ့။

အခုတလောကြားရတဲ့သတင်းတွေက ရင်နဲ့အမျှပါပဲ။ ထန်တလန်ရဲ့မီးလောင်ပြင်မြင်ကွင်းတွေက နှိပ်စက်ကလူ ပြုလွန်းနေတယ်။ တောင်စောင်းတလျောက်နဲ့ မြေပြန့်လွင်ပြင်မှာတည်ထားတဲ့ လှပတဲ့မြို့ကလေး။ ရိုးသားဖြူစင်တဲ့ ချင်းလူမျိုးတို့ရဲ့ နှလုံးသား။ အေးချမ်းစွာ အသက်မွေးဝမ်းကြောင်းပြုရာ တောင်ယာသမားတို့ရဲ့ ချွေးတွေနဲ့ တည်ဆောက်ခဲ့တဲ့မြို့။ ကြက်သရေအပေါင်းနဲ့ပြည့်စုံတဲ့ သာတောင့်သာယာ တောင်ပေါ်မြို့ကလေး။

အဲ့ဒီမြို့လေးကို အမိန့်ကိုဦးထိပ်ပန်ဆင်လေ့ရှိတဲ့ စစ်မိစ္ဆာတို့က မညှာမတာ လက်နက်ကြီးနဲ့ ပစ်ခတ် မီးတင်ရှို့လိုက်ကြပြီ။ ရက်စက်လိုက်ကြတာ..။ နှလုံးသားများ မပါလေရော့သလား။ မြို့ကိုချစ်တဲ့ ပါစတာတယောက်လည်း မီးငြှိမ်းသတ်ဖို့ ပြင်ဆင်နေချိန်မှာပဲ သူချစ်သောမြို့ကို နှုတ်မဆက်နိုင်ပဲ ဘုရားသခင်ထံမှောက် ရောက်သွားခဲ့ပြီ။ အသက်တမျှချစ်ကြောင်း သက်သေပြ သွားခဲ့လေသလားကွယ်။ ငြိမ်သက်စွာ အနားယူပါလေတော့..။

ပါစတာခင်တွယ်မယ်ဆိုလည်း ခင်တွယ်စရာပါပဲ။ အစကတော့ “လှောင်ဇန်”လို့ခေါ်တဲ့ရွာငယ် ဇနပုတ်လေး ကနေ စတင်ခဲ့တာ။ အဲ့ဒီကနေတိုးချဲ့ မြို့တည်တော့ ‘ထလန်တလန်’ကနေ “ထန်တလန်”လို့ အမည်နာမပြောင်းလို့ တဆင့်ခြင်းမွေးဖွားခဲ့တဲ့ တောင်ပေါ်မြို့လေး။ အဓိပ္ပါယ်ကတော့ “ကျော်ကြားတဲ့တောင်ပေါ်မြို့”လို့ ဆိုကြတယ်။ လှပအေးချမ်းလှတဲ့ ထန်တလန်မြို့လေးဟာ အခုတော့ စစ်မိစ္ဆာရန်ကြောင့် နေရပ်ကို စွန့်ခွာသွားခဲ့ကြပြီ။ စစ်ဘေးဒုတ္ခသည်တွေလေ။

စစ်မိစ္ဆာရဲ့လက်ချက်နဲ့ကျဆုံးသွားကြတဲ့ ဒေသခံမြို့သားတွေကို သင်္ဂြိုဟ်ပေးမယ့်လူတောင်မရှိတော့ဘူး။ တမြို့လုံးမှာ မပြေးနိုင်မလွှားနိုင်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ မိဘမဲ့ဂေဟာရှိလူနဲ့ပေါင်းမှ ၂၈ ဦးမျှသာရှိတော့သတဲ့။ မိသားစုအနေနဲ့ဆို ၄ စုလောက်ပဲရှိတော့တယ်။ တမြို့လုံးတိတ်ဆိတ်လို့။ မြို့ပျက်ကြီးဖြစ်သွားခဲ့ပါပြီ။ လူသေအ လောင်းတွေ မီးလောင်ပျက်တွေ။ လောင်မီးကျသစ်ငုတ်တိုတချို့နဲ့ ကျည်သင့်ဒဏ်ရာတွေဟာ တကယ့် ဇွန်ဘီးမြို့ တခုလိုပါပဲလား။

ခြောက်ခြားဖွယ်ရာ ထန်တလန်ဖြစ်နေတယ်။ သတင်းတွေကိုကြည့်ရင်း ကြေကွဲစိတ်နဲ့ ခပ်မဆိတ်နေလိုက်မိတယ်။ တဒိတ်ဒိတ်ခုန်တုန်နေတဲ့ရင်ကို အသာဖိလို့ သက်မချရင်း ‘ရှိုးကေ့’ပေါ်က ခေါန်နူးလက်ဆောင်ပေးလိုက်တဲ့ “အောက်ချင်းငှက်” ဦးခေါင်းပုံသွင်းထားတာလေးကိုကြည့်ပြီး အောက်ချင်းငှက်ကိုတောင် အားနာနေမိတယ်။ တောင်ခိုးတောင်ငွေ့တွေနဲ့ စွတ်စိုနေတဲ့မြေသင်းနံ့ကို ခံစားလိုက်ရခြင်းနဲ့အတူ ခေါန်နူးစကားတွေ ကြားယောင်နေ မိတယ်။

     “ အောက်ချင်းငှက်ဆိုတာ ခေါန်နူးတို့ပြည်နယ်ရဲ့ သင်္ကေတပြယုဂ်တခုပေါ့။ အောက်ချင်းငှက်ရဲ့ သစ္စာတရား၊ မေတ္တာ၊ သတ္တိ ဗျတ္တိတို့ရဲ့သင်္ကေတပေါ့ကွယ်။ တကြိမ်တခါသစ္စာထားပြီး ဘဝတသက်တာခိုင်မြဲကြတယ်လေ။ ‘သစ္စာ’အတွက်ဆိုရင် အသက်ကိုတောင်စတေးတတ်တဲ့ တောရိုင်းသတ္တဝါရဲ့ အမှတ်တံဆိပ်ပေါ့။ ကံ့ကော်တောရဲ့ သင်းရနံ့နဲ့ တောင်ဇလပ်ပန်းရဲ့နီစွေးစွေးအလှတွေဟာ မတူညီကြပေမယ့် သဘာဝရဲ့ဖူးပွင့်ပေးခဲ့တဲ့ တန်ဖိုးတွေ ကတော့ တခုနဲ့တခုမကွာခြားနိုင်ပါဘူးလေ။ ဒီအောက်ချင်းပုံသွင်းတာလေးက ပြည်တော်ပြန်မယ့် ‘အတူး’အတွက် တသက်တာအမှတ်တရလက်ဆောင်ပါကွယ်။” 

အခုတော့ ဆို့နင့်စရာတွေပါပဲ။ ထန်တလန်ရဲ့ ခေါန်နူးနဲ့တောင်ပေါ်မြို့အလှလေးဟာ တချိန်ချိန်မှာ ပြန်ပြောပြစရာ အိပ်ရာဝင်ပုံပြင်တပုဒ်လိုများ ဖြစ်နေလေမလား။ “ဒီနေရာ ဒီဒေသမှာ တချိန်က ခေါန်နူးဆိုတဲ့ ချစ်စရာ သူငယ်ချင်း ချင်းလုံမပျိုလေးတယောက်နဲ့ ထန်တလန်မြို့ရှိခဲ့တယ်”လို့ ပြန် ပြောပြရင် ယုံမှယုံနိုင်ကြပါ့မလား။ ‘ရှားလ်လုမ်ခံတပ်’မှာ စစ်မစ္ဆာကိုခုခံတော်လှန်ရင်း ကျဆုံးခဲ့တဲ့ သူရဲကောင်းတို့ရဲ့ အထိမ်းအမှတ်ဂူကိုပြရင်း သမိုင်းသက်သေတည်ရုံမှတပါး မရှိတော့ပြီပဲ။ သတိရနေတယ် သူငယ်ချင်းရယ်…။ 

စိတ်ထဲမှာတော့ “အကြင်သူသည် ရွာတို့ကိုဖြစ်စေ၊ နိဂုံးတို့ကိုဖြစ်စေ ဖျက်ဆီးတတ်၏။ ပိတ်ပင်တတ်၏။ ရွာနိဂုံးတို့ကို ဖျက်ဆီးတတ်သောသူဟူ၍ လောက၌ထင်ရှား၏။ ထိုသူကို သူယုတ်မာဟု သိရာ၏” ဝသလသုတ်တော်လာ စာပိုဒ် လေးကိုပဲ အထပ်ထပ်ရွတ်ဆိုနေမိပါတော့တယ်။

(ထန်တလန်မီးလောင်ပြင်နဲ့ စစ်ဘေးဒုက္ခသည်များအား စာနာမှုမှတ်တမ်းတင် အလေးပြုလိုက်ပါတယ်။ )

ဂန္ထဝင်မောင်ထူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024