ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက်ဟာ ၆ သန်းကျော် ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။
အဆိုပါ ထုတ်ပြန်ချက်မှာတော့ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးတည်အုပ်စုတွေအလိုက် ထိုးနှံပေးနေပြီး စက်တင်ဘာ ၂၁ ရက်နေ့အထိ ကာကွယ်ဆေး ၁ ကြိမ်ထိုးနှံပြီးသူ ၂ ဒသမ ၅၇ သန်းကျော်၊ အကြိမ်ပြည့်ထိုးနှံပြီးသူ ၃ ဒသမ ၅၈ သန်းကျော်နဲ့ စုစုပေါင်း ၆ ဒသမ ၁၅ သန်းကျော်ရှိခဲ့ပြီလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ တရုတ်နိုင်ငံကနေ Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၂၄ သန်း သန်းမှာယူထားခဲ့ပြီး စက်တင်ဘာ ၁၂ ရက်မှာတော့ ပထမအသုတ်အနေနဲ့ ၄ သန်း ရောက်ရှိလာခဲ့တာပါ။
ဒါပေမဲ့ ပြည်သူတွေကြားမှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာ ကွယ်ဆေးသွားရောက်ထိုးနှံသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။
နိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄ သိန်းခွဲကျော်နဲ့ သေဆုံးသူ ၁၇,၀၀၀ ကျော်ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။
ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ် ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။
မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၇ လခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီး ပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာစောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။