မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာ စက်တင်ဘာ ၂၁ ရက်၊ ညနေပိုင်း ၅ နာရီ ၄၅ မိနစ်လောက်က ဘောလုံးကွင်းရှေ့က ဖြတ်သွားတဲ့ အိမ်စီးကားတစ်စီး ပေါက်ကွဲသွားပြီး လူနှစ်ဦးသေဆုံးသွားကာ ကျန်တစ်ဦးကတော့ အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ပေါက်ကွဲမှုက ပြင်းထန်တဲ့အတွက်ကြောင့် အဲ့နားမှာရှိတဲ့ သစ်ပင်လဲပြီး ကားပေါ်ပိတော့ မီးတောက်ပိုကြီးလာရတာ၊ ကားထဲမှာပါတဲ့လူကတော့ နှစ်ယောက်လို့ယူဆရတယ်၊ အဲ့နှစ်ယောက်ကတော့ သေသွားပြီ၊ ဘယ်သူတွေဆိုတာတော့ မသိဘူး။ စစ်သားတွေ လာထုတ်နေတာတော့တွေ့ရတယ်။'' လို့ အခင်းဖြစ်ရာနေရာနားက ဒေသခံတစ်ဦးက ပြောပါတယ်။
ကျောက်ဆည် PDF တွေကို မေးကြည့်ရာမှာ သူတို့ လူတွေမဟုတ်သလို သူတို့ ဖောက်ခွဲခဲ့တာလဲ မဟုတ်ဘူးလို့ ဆိုကြပါတယ်။
"ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး PDFကတော့ သူတို့လုပ်တာမဟုတ်ဘူးလို့တော့ ကြားထားတယ်ဗျ။ သေသွားတဲ့လူတွေကလည်း ဒလန်မဟုတ်ဘူးလို့ မြို့ကပြောကြတယ်။ ပေါက်ကွဲသံကြားကြားချင်း မြို့တစ်ဝက်လောက်မီးပျက်သွားတယ်။ မိုးကလည်းချက်ချင်းရွာလာတယ်။ ကျနော့်အနေနဲ့ ဒီဖြစ်စဉ်က မတော်တဆပေါက်ကွဲမှုလို့ပဲထင်တယ်ဗျ။ လူသွားလူလာသွားတဲ့ နေရာမျိုးမှာ ဖြစ်သွားတာဆိုတော့ သာမန်လူတွေ အနေနဲ့ တော့ ဒီနောက်ပိုင်းတွေ သတိနဲ့နေစေချင်ပါတယ်'' လို့ ကျောက်ဆည်မြို့က လူငယ်တစ်ဦးကလည်း ပြောပါတယ်။