စစ်ကောင်စီရဲ့ အကြမ်းဖက်တပ်အင်အား ၅၀ လောက်ဟာ ပုလဲမြို့နယ်၊ နွယ်အင်းရွာသား ၁၄ ဦးကို စက်တင်ဘာ ၂၂ ရက် ဒီနေ့ မနက် ၈ နာရီခွဲလောက်က ဖမ်းဆီးခေါ်ဆောင် တပ်ဆုတ်သွားတယ်လို့ ဒေသခံရွာသားတွေထံက သိရပါတယ်။
“မနေ့က တိုက်ပွဲဖြစ်တဲ့အနီးရွာက ဒေသခံ ၁၄ ဦးကို ဒီကောင်တွေ ဓားစာခံခေါ်ပြီး မင်တိုင်ပင်ဘက်တပ်ဆုတ်နေတယ်ဗျ။ နွားလှည်းတွေလည်း ချောဆွဲသွားတယ်” လို့ နွယ်အင်းကျေးရွာသားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် သတင်းပေးလုပ်တယ်ဆိုပြီး ရွာဦး ကျောင်းဆရာတော်တွေဆီက ဖုန်းတွေ သိမ်းသွားတယ်လို့ ဆိုပါတယ်။
ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာအနီးမှာ စက်တင်ဘာ ၂၁ ရက်နေ့က ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့စုံနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေ ဒီနေ့ တပ်ပြန်ဆုတ်ချိန်မှာ ရွာသားတွေကို အခုလို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဓားစာခံအဖြစ် ခေါ်ဆောင်ခံရသူတွေထဲမှာ အမျိုးသမီးတွေ၊ အသက်ကြီးရွယ်အိုတွေ၊ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်း ပါဝင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။