စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံတပ်မြို့၊ ကင်းချောင်းရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးဟာ သူ့ရဲ့နေအိမ်အတွင်း ဒီနေ့ စက်တင်ဘာ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲလောက်က ဓားနဲ့ အထိုးခံရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
မျက်မြင်ဒေသခံတစ်ဦးက “ ဒီလူက ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်သလို လက်ရှိအချိန်အထိ အုပ်ချုပ်ရေးမှူးတာဝန်ရပ်နားတာ မလုပ်ဘူး။ နောက်ပြီး ဈေးဝယ်ထွက်ကတ်တွေ အလုံမြို့ပေါ်မှာ သူကထုတ်ပေးနေတာ။ ပထမသေနတ်နဲ့ထုတာ။ မိုးရွာနေတော့ သေနတ်က မီးမကူးဘဲ ကျည်က မထွက်တာနဲ့ ဓားနဲ့ အထိုးခံလိုက်ရတာ။ သေမလားရှင်မလားတော့မသိဘူး” လို့ ပြောပါတယ်။
အခင်းဖြစ်ပွားပြီးနောက် စစ်တပ်နဲ့ရဲတွေရောက်လာပြီး အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးကို နမခ စစ်ဆေးရုံကို ခေါ်ဆောင်သွားပါတယ်။
ဦးမြင့်စိုးဟာ လူငယ်တွေရဲ့ သပိတ်မှောက် ဆန္ဒပြပွဲတွေအပါအဝင် လှုပ်ရှားမှုတွေကို စောင့်ကြည့်ကာ စစ်ကောင်စီကို သတင်းပေးတိုင်ကြားတာတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။