မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ်ထဲမှာ NUG အစိုးရက ခုခံစစ်ကြေညာပြီး အခုလ အတွင်းမှာ စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးမှူး အများအပြား နုတ်ထွက်စာတင်ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ထီးလင်းမြို့နယ်ထဲက ကျေးရွာ ၁၀ ရွာကျော်လောက်က အကြမ်းဖက်စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ရွာခွဲတာဝန်ခံတွေဟာ ကျန်းမာရေးကိုအကြောင်းပြပြီး နုတ်ထွက်စာ တင်တဲ့စာရွက်တွေအား ပြည်သူကို အသိပေးတဲ့အနေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ တင်ထားတာ တွေ့ရတယ်လို့ ဒေသခံတစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။
ထီးလင်းမြို့နယ်အတွင်းက ကျေးရွာတစ်ချို့မှာ အကြမ်းဖက်စစ်ကောင်စီ သတင်းပေးဒလန်တွေနဲ့ ပျူစောထီးတွေကို သုတ်သင်ရှင်းလင်းတဲ့ သတင်းတွေကြောင့် ကြောက်ပြီးတော့ နုတ်ထွက်စာတင်တာထက် အသိတရားရပြီးတော့ ပြည်သူ့ဘက်ကိုရပ်တည်ကာ ရပ်အကျိုးရွာ အကျိုးကို သယ်ပိုးမယ်ဆိုရင်တော့ ကြိုဆိုတယ်လို့ ဆိုပါတယ်။
အဲဒီအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာတင်ကြတယ်ဆိုပေမယ့် နဂိုက အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ သတင်းပေး ဒလန်လုပ်စားလာတာဖြစ်လို့ ယုံကြည်ရမယ့် အနေထားမရှိသေးလို့ သတိထားပြီးတော့ စောင့်ကြည့်ရမယ်လို့ ပြောပါတယ်။
ထီးလင်းမြို့နယ်ထဲက အကြည်ဝါးဘင်း ရွာမှာ စက်တင်ဘာ ၁၅ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းပေးဒလန် ၄ ယောက်ကို ဒလန်ရှင်းလင်းရေးအဖွဲ့တစ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။