မြေပြင်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ စိုးမိုးထားတဲ့ ကျေးရွာပေါင်း ရာပေါင်း များစွာရှိနေပြီး အာဏာသိမ်းစစ်ကောင်စီဟာ မြို့ပြနဲ့ လမ်းမတန်းတွေကို လက်မလွှတ်ရအောင် အနိုင်နိုင်ထိန်းနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားပါတယ်။
ဘယ်ဒေသက ကျေးရွာတွေကို စိုးမိုးထားနိုင်သလဲဆိုတာကို အတိအကျရေးသားထားခြင်း မရှိသလို မကြာခင်မှာ တော်လှန်ရေးရဲ့ နောက်အဆင့်တွေလာဦးမယ်လို့လည်း ရေးသားထား ပါတယ်။
အနောက်မြောက်စစ်ဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ တိုက်ပွဲတွေအဖြစ်များပြီး စစ်ကောင်စီက စစ်ကိုင်းတိုင်းဘက်က ကျေးရွာတွေမှာ အကြမ်းဖက် လုယက်မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူ သောင်းနဲ့ ချီပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အလားတူ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်ဘက်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြားမှာ တိုက်ပွဲတွေဖြစ်နေပြီး ပြည်သူတွေရဲ့နေအိမ်တွေ မီးရှို့ဖျက်ဆီးခံနေရပါတယ်။
ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ တိုက်ပွဲအတွင်းမှာ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးခဲ့တဲ့ အပြစ်မဲ့ပြည်သူတွေအတွက် ပြည်သူ့အစိုးရက တာဝန်ယူလိမ့်မယ်လို့ လူမှုကွန်ယက်မှာရေးသားထားပါတယ်။