တရုတ်နိုင်ငံ ရွှေလီအစိုးရက လှူဒါန်းပေးတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို စက်တင်ဘာ ၁၂ ရက်နေ့ကစပြီး စက်တင်ဘာ ၁၉ ရက်နေ့အထိ မူဆယ်ခရိုင်အတွင်းက လူဦးရေ ၅၀၀၀၀ ဝန်းကျင်ကို ထိုးပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ကိုဗစ်ကာကွယ်ဆေးကို ရွှေလီအစိုးရက မူဆယ်ခရိုင်ကို လှူဒါန်းတာ၊ ကိုဗစ်ကာကွယ်ဆေးက နှစ်ပိုင်းရှိတယ်။ အစိုးရက သယ်ပြီး ဒီကိုယူလာပြီးထိုးတဲ့ တရုတ်ဆေးကသပ်သပ်၊ ခုက ရွှေလီအစိုးရက မူဆယ်ခရိုင်ကို လှူတာ၊ တရုတ်ဆေးပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွှေလီအစိုးရက မူဆယ်ခရိုင်ကို ကိုဗစ်ကာကွယ်ဆေး ၂ သိန်းလှူဒါန်းပေးတာဖြစ်ပြီး ရွှေလီနဲ့ ထိစပ်နေတဲ့ နမ့်ခမ်း၊ မူဆယ်၊ မိုင်းယု၊ ကျင်စန်းကျော့၊ ကြူကုတ်၊ ပန်ဆိုင်း စတဲ့ မြို့တွေကို ဦးစားပေးထိုးပေးသွားမှာဖြစ်ကာ စာရင်းအရ လူဦးရေ တစ်သိန်းရှစ်သောင်းရှိတယ်လို့ ဆိုပါတယ်။
“မူဆယ်မြို့ပေါ်မှာ ဆရာဝန်၊ သူနာပြု၊ Volunteer တွေနဲ့ အဖွဲ့ ၆ ဖွဲ့ခွဲပြီးထိုးပေးနေတယ်။ တခြားမြို့တွေမှာလည်း သူတို့အဖွဲ့နဲ့သူတို့ ထိုးပေးနေတယ်။ စာရင်းကောက်ထားတာက မြို့ခံတွေကို ကောက်ထားတာ၊ အဝေးကလာတဲ့ ကားသမားနဲ့ ခရီးသည်တွေကို ထိုးပေးဖို့စီစဥ်နေတယ်” လို့ မြို့ခံက ပြောပါတယ်။
မူဆယ်ခရိုင်အတွက် ရွှေလီအစိုးရက လှူဒါန်းပေးထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ဆက်ထိုးပေးသွားမယ်လို့လည်း သိရပါတယ်။
မူဆယ်မြို့မှာတော့ ကိုဗစ်ရောဂါပိုးတွေ့ရှိမှုနှုန်း လျော့ကျသွားပြီး လော့ဒေါင်းတွေလည်း ဖြေလျှော့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။