Home
မြန်မာသတင်း
လောင်းလုံးမြို့နယ် သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရ
DVB
·
September 19, 2021
Laung Lone 1

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နေ့စဥ်ချီတက်ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်စစ်ကြောင်းဟာ စက်တင်ဘာ ၁၉ ရက် မနက် ၉ နာရီခွဲအချိန်က အင်းဇောက်ကျေးရွာ သပိတ်စထွက်မယ့်နေရာမှာ ပစ်ခတ်ဖြိုခွင်းခံရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးလောက် အရပ်ဝတ်၊ အိမ်စီးကားနဲ့ လာရောက်ပစ်ခတ်ဖြိုခွင်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ကျည်ထိမှန်သူ၊ အဖမ်းခံရသူများ ရှိ/မရှိ အတည်မပြုနိုင်သေးဘူးလို့ ဒီမိုကရေစီအရေး လှုပ်ရှားမှု  သပိတ်ကော်မတီ(ထားဝယ်ခရိုင်) က ထုတ်ပြန်ထားပါတယ်။

သပိတ်စထွက်မယ့်နေရာမှာ ကျန်ခဲ့တဲ့ ဆန္ဒပြသူတွေရဲ့ ဆိုင်ကယ် အစီး ၂၀ လောက်ကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက လာရောက်သိမ်းယူဖို့ လုပ်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းကလည်း အောက်ရေဖြူကျေးရွာအုပ်စုမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ် အပါအဝင် ဒေသခံပြည်သူ ၁၂ ယောက်လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ညနေ ၆ နာရီခွဲလောက်ကလည်း အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့်‌ အောက်ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာက ၁၅ နှစ်အရွယ် လူငယ် ၁ ဦး သေဆုံးခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်ဆိုသလို ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024