မကွေးတိုင်း၊ စလင်းမြို့နယ်က ကျေးရွာတချို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ စက်တင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းက စတင်ဝင်ရောက်စီးနင်းရှာဖွေနေတာကြောင့် ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
စလင်းမြို့နယ်ထဲက ငါးလှိုင်တွင်း၊ ကျွဲဦး၊ ကင်မွန်းခြုံနဲ့ ဘာလ ကျေးရွာတွေက ဒေသခံတွေ တိမ်းရှောင်နေကြရပြီး အတည်မပြုနိုင်သေးတဲ့ ကျေးရွာတွေ ရှိသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ထွက်ပြေးတိမ်းရှောင်လာသူ လူလတ်ပိုင်းတဦးက “စစ်သား ၁၀၀ လောက် ရှိမယ်။ နယ်မြေရှင်းလင်းတာ ဆိုလားပဲ။ ရွာတွေထဲဝင်လာပြီး ရိုက်နှက်တာတွေရှိနေလို့ လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတွေ ရှောင်တိမ်းနေကြရတာပေါ့။ ရွာတွေကနေ ထွက်ပြေးရတဲ့သူတွေကတော့ ၁၀၀၀ ထက်တော့ နည်းမှာမဟုတ်ဘူး။ ကျနော်တို့လည်း ထွက်ပြေးလာရတာဆိုတော့ အတိအကျမပြောတတ်ဘူး။ အမျိုးသမီးတွေလည်း ပါတယ်။ ဒုက္ခရောက်ကြတာပေါ့။ ညကတော့ တောထဲမှာ ဖြစ်သလိုအိပ်ကြရတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်အနည်းငယ်ကလည်း စလင်းမြို့နယ် NLD အလုပ်အမှုဆောင် ဦးနိုင်လင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်တွေက ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အလောင်းကို ငွေနဲ့ ပြန်ရွေးခိုင်းတာကြောင့် မိသားစုက လက်မခံခဲ့ဘူးလို့ သိရပါတယ်။
မကွေးတိုင်း ၂၅ မြို့နယ်အတွင်းက ကျေးရွာတွေကို အခုရက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေးအကြောင်းပြပြီး ဝင်ရောက်စီးနင်းရှာဖွေ ရိုက်နှက်ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။