စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ဒန်းကုန်းကျေးရွာနေ ကိုကုဋေစိုးဟာ စက်တင်ဘာ ၁၇ ရက်နေ့ ညနေ ၄ နာရီလောက်က အမည်မသိလူတစ်စုရဲ့ ဓားခုတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းပတ်ရွာဘူတာအနီးမှာ ဒဏ်ရာတွေနဲ့လဲနေတာကြောင့် မုံရွာဆေးရုံ ပို့ဆောင်ကုသထားရပြီး လက်ရှိအခြေအနေကိုတော့ မသိရသေးဘူးလို့ အမည်မဖော်တဲ့ ရွာခံတဦးက ပြောပါတယ်။
"PDF တွေ သတ်လိုက်တာပဲနေမှာ။ သူ့ကို တော်တော်များများက စောင့်ကြည့်နေတာ ကြာပြီ။ သူက အပြင်နေ့တိုင်းထွက်တယ်။ သူက လိုင်းပေါ်မှာ စစ်တပ်ဘက်က အလွန်အကျူးရေးတယ်။ ဟိုတလောကပဲ စစ်ကောင်စီကို ဘုရားတစ်ဆူလို ကိုးကွယ်မယ်လို့ လိုင်းပေါ်မှာ တင်ခဲ့သေးတယ်။”
စက်တင်ဘာ ၉ ရက်နေ့ အင်းပက်ရွာကို စစ်တပ်က ဝင်စီးတဲ့ကိစ္စမှာလည်း သူ သတင်းပေးလိုက်တာဖြစ်ကြောင်း ရွာသားတွေကဆိုပါတယ်။
အာဏာသိမ်းကာစ သပိတ်စစ်ကြောင်းတွေ ထွက်တုန်းကလည်း ရွာက မသိနားမလည်တဲ့ ကလေးတွေကို စည်းရုံးပြီး စစ်တပ်ဘက်က ရပ်တည်ကြောင်း ခင်ဦးမြို့ပေါ်အထိ ဆန္ဒပြခဲ့သေးတယ်လို့ သိရပါတယ်။
ရွာမှာ အခုလို ဒလန် ၁ ဦး ဓားနဲ့ခုတ်ခံရတာ ပထမဆုံးဖြစ်ပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့ညကလည်း ဒန်းကုန်းမှာ မိုင်တဲလ်တာဝါတိုင် ဗုံးခွဲဖျက်ဆီးခံခဲ့ရပါတယ်။