ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတို့နဲ့ ပူးပေါင်းကာ မူးယစ်ဆေးဝါးအရောင်းအ၀ယ်ပြုလုပ်သူတွေ ရပ်တန့်ဖို့ ပူတာအို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၆ ရက်နေ့ ရက်စွဲနဲ့ သတိပေးစာထုတ်ပြန်လိုက်ပါတယ်။
ပူတာအိုဒေသအတွင်း စစ်ကောင်စီနဲ့ပူးပေါင်းကာ မူးယစ်ဆေး ရောင်း၀ယ်ဖောက်ကားသူတွေနဲ့ ကုန်းလမ်းကနေ အောက်ပိုင်းမှ တင်ဆောင်လာတဲ့ မော်တော်ယဥ်တွေကို ထိရောက်စွာ စစ်ဆေးအရေးယူသွားမယ်လို့ ပူတာအို PDF တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
"ပူတာအိုဒေသမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးသုံးစွဲသူ ပိုမိုများပြားလာကာ ပြည်သူများရဲ့ သတင်းပေးပို့ချက်အရ မြို့တွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သူများရဲ့ စာရင်းကိုလည်း လက်ခံရရှိထားတယ်။”
ပူတာအိုခရိုင်မှာ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြတဲ့ လူငယ် ၇ ဦးလောက် ထောင်ချအရေးယူခံထားရသလို မတရားဖမ်းဆီးခံရတဲ့ လူငယ် ၂ ဦးလည်း ခုချိန်ထိ မလွတ်မြောက်သေးဘူးလို့ သိရပါတယ်။