ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် အားခါဈေးလမ်းမှာ စက်တင်ဘာ ၁၆ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရခဲ့မှုမှာ ပစ်ခတ်သူကို ဖမ်းဆီး ရမိပြီဖြစ်ပါတယ်။
ပစ်ခတ်မှုကျူးလွန်သူမှာ အသက် ၃၀ ကျော်ရွယ်ရှိ စိုင်းမိုင်းဆိုသူ အမျိုးသားတစ်ဦးဖြစ်ပြီး တာချီလိတ်မှအထွက် မတ်ယန်းဂိတ်မှာ ဖမ်းမိခဲ့တာလို့ ဝိန်းကျောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။
“ပစ်ခတ်မှုကျူးလွန်တဲ့ စိုင်းမိုင်း နဲ့ သူ့တပည့်တစ်ယောက်ကို တာဝန်ရှိသူတွေက မနေ့ညနေ ၃ နာရီခွဲလောက်မှာ ဖမ်းမိပါတယ်ခင်ဗျ။ တာချီလိတ်ကနေ ကျိုင်းတုံဘက်ကိုသွားတဲ့ မတ်ယန်း ဂိတ်မှာ ဖမ်းမိသွားတာပါ။”
စိုင်းမိုင်းမှာ ဝိန်းကျောက်ရပ်ကွက်မှ အကျယ် ၂ ဧကရှိ မြေတစ်ကွက်ကို ဒေါ်ညိုမာဆိုသူအား ရောင်းချပေးခဲ့ပြီး ဝယ်သူက ငွေချေခဲ့ပြီးဖြစ်ပေမယ့် မြေကွက်တိုင်းတာခွဲဝေမှုမှာ ပြဿနာဖြ စ်နေ တာကြာပြီလို့ ဆိုပါတယ်။
ဝယ်ထားတဲ့မြေကွက်မှာ ပိုင်ရှင်သစ်က အလုပ်သမားတွေနဲ့ မြေယာပြုပြင်စဉ် မနေ့ မွန်းလွဲပိုင်းက စိုင်းမိုင်းရောက်လာပြီး စကားများခဲ့ကြောင်း၊ စိုင်းမိုင်းက သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်နေရာ အနီးတဝိုက်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေကို ထိမှန်သွားတာလို့ ဆိုပါတယ်။
သေနတ်ထိမှန်သေဆုံးတဲ့ အလုပ်သမားတွေမှာ ကိုသားငယ် နဲ့ ကိုမဲကြီးတို့ဖြစ်ပြီး ဒဏ်ရာရ သူမှာ ကိုသန့်စင်ဆိုသူ ဖြစ်ကြောင်း၊ ပစ်ခတ်မှုကျူးလွန်သူမှာ ပြဿနာကို ခေါင်းအေးအေးနဲ့ မဖြေရှင်းဘဲ ကမူးရှုးထိုး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် မူးယစ်ဆေးဝါးသုံးစွဲထားခြင်းရှိမရှ်၊ စိတ်ပိုင်း ဆိုင်ရာပြဿနာရှိမရှိ တာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေတယ်လို့ ဝိန်းကျောက်အုပ်ချုပ်ရေးမှူးက ပြောသွားပါတယ်။