မွန်ပြည်နယ် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ဥက္ကဋ္ဌ ဦးရန်ရှင်းဟာ စက်တင်ဘာ ၁၆ ရက် ဒီ ညနေ ၄ နာရီလောက်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျိုက်ထိုမြို့မှာတော့ စစ်တပ်ထွက်ဖြစ်တဲ့ ဦးရန်ရှင်းကို စစ်ကောင်စီ သတင်းဒလန် တစ်ဦးလို့ လူသိများနေတာ ဖြစ်ပါတယ်။
ဦးရန်ရှင်းကို ကျိုက်ထိုမြို့၊ ကံကော်ရပ်ကွက် Golden Bliss Hotel အနီးမှာ အမျိုးသားတစ်ဦးက ဆိုင်ကယ်နဲ့ လာရောက်ပြီး သေနတ်နဲ့ ၂ ချက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
သေနတ်ဖြင့် ပစ်ခတ်ခဲ့ရပြီးနောက် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားတာ ဖြစ်ပါတယ်။
ဦးရန်ရှင်းသေဆုံးမှုဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ ကျိုက်ထို တော်လှန်ရေး အင်အားစု (KRF)က ထုတ်ပြန်လိုက်ပါတယ်။
ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF)က သတင်းပေးဒလန် ဦးရန်ရှင်းဟာ တော်လှန်ရေးအင်အားစုတွေ အနှောင့်အယှက်ပေးနေလို့ သုတ်သင်ရတာလို့ ဆိုထားပါတယ်။
ကျိုက်ထိုတော်လှန်ရေး အင်အားစု(KRF)ကတော့ စစ်ကောင်စီ လက်ပါးစေတွေ၊ သတင်းပေးဒလန်တွေနဲ့ စစ်ကောင်စီ ဒေါက်တိုင်တွေ ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်သူ့အကျိုးပြုကျောင်းသားများပါတီဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP နဲ့ မိတ်ဖက် လုပ်ထားပြီး လူသိနည်းတဲ့ ပါတီတစ်ခု ဖြစ်ပါတယ်။