စစ်ကောင်စီတပ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄၊ ထားဝယ်မြို့နယ်ဥက္ကဋ္ဌ ပဒိုစောဆီး (စောချဲ) နဲ့ ကေအန်ယူရဲတပ်ဖွဲ့ဝင် စောထူးလေးတို့ ပြန်လွတ်လာပြီလို့ ကေအန်ယူမြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ဒီဗွီဘီကို ပြောပါတယ်။
ဥက္ကဋ္ဌ ပဒိုစောဆီးကို စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာ ၉ ရက်နေ့မှာ ထားဝယ်ခီးမှအပြန် ထားဝယ်မြို့နယ် ပကာရီကျေးရွာအနီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ကားပေါ်လက်နက်ပါလို့ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး အမှတ် ၈ စစ်ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၄၀၂ မှာ ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးထိန်းသိမ်းပြီး ၅ ရက်ကြာ စက်တင်ဘာ ၁၄ ရက်နေ့မှာတော့ ခေါင်းဆောင်းပိုင်တွေ ညှိနှိုင်းမှု ပြုလုပ်ပြီးနောက် ပြန်လွှတ်ပေးခဲ့တာလို့ ပဒိုအယ်နာက ပြောပါတယ်။
လူပြန်လွှတ်လာပေမယ့် လက်နက်ငယ် ၉ မမ နှစ်လက်နဲ့ ပွိုင့် ၂၂ တလက်ကိုတော့ စစ်ကောင်စီတပ်က သိမ်းဆည်းထားတယ်လို့ဆိုပါတယ်။
အလားတူ တနင်္သာရီမြို့နယ်ဘက်က ကေအန်ယူရဲတပ်ဖွဲ့ဝင်ရှိတဦးဖြစ်တဲ့ စောထူးလေးကိုလည်း စစ်ကောင်စီတပ်က အဆိုပါနေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ စောထူးလေးကို ခမရ (၉၁၅) က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးစစ်ဆေးနေစဉ် စစ်ကောင်စီဘက်က သူ့ကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။
ကေအန်ယူ တပ်မဟာ ၄ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စက်တင်ဘာ ၇ ရက်နေ့မှာ တိုက်ပွဲဖြစ်ပြီး ဒေသခံရွာသား ရာချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
လက်ရှိမှာတော့ ကေအန်ယူတပ်မဟာ ၄ မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဖြစ်ပွားမှု မရှိသေးသလို စစ်ကောင်စီဘက် အင်အားတိုးချဲ့လာတာ မရှိသေးပါဘူး။