ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားတဲ့ ရခိုင်အမျိုးသမီးများကွန်ရက် (RWN)ရဲ့ ဥက္ကဋ္ဌ ဒေါ်ညိုအေးဟာ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ စစ်တွေအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
မြန်မာ့နှစ်သစ်ကူးနေ့မှာ စစ်တွေအကျဉ်းထောင်က အကျဥ်းသား၊ အကျဉ်းသူပေါင်း ၃၇ ဦးကို ပြန်လွှတ်ပေးလိုက်တဲ့အထဲမှာ နိုင်ငံရေးအကျဥ်းသား ၁၀ ဦး ပါဝင်လာတယ်လို့ သိရပါတယ်။
ဒေါ်ညိုအေးဟာ ဧပြီ ၁၇ ရက်နေ့လယ်က အကျဉ်းထောင်ကနေ လွတ်မြောက်လာခဲ့ပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ သူ့ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။
"နေ့လယ်ပိုင်းမှာ လွတ်ငြိမ်းနဲ့တရားသေလွတ်မြောက်လာတာဖြစ်ပါတယ်။ စစ်တွေထောင်က အားလုံး ၃၇ လွတ်မြောက်တဲ့ အထဲမှာ ပါလာတာဖြစ်တယ်။ ကျန်းမာရေးကလည်း ကောင်းပါတယ်။”
ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကို ၂၀၂၄ ခုနှစ် မတ် ၁၈ ရက်က စစ်တွေမြို့နယ်တရားရုံးက နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ -၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်ညိုအေးကို ၂၀၂၃ ခုနှစ် သြဂုတ် ၁၃ ရက်က စစ်တွေမြို့မှာ ပြုလုပ်ခဲ့တဲ့ ဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနား ဖြစ်မြောက်ရေးအတွက် ကူညီတယ်ဆိုပြီးတော့ စစ်ကောင်စီက ဖမ်းဆီးပြီး တရားစွဲဆို ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။