ထိုင်းတောင်ပိုင်း ရနောင်းခရိုင် ရနောင်းမြို့နယ် ပတ်နမ့်အုပ်စုထဲမှာ မြန်မာဘက်ခြမ်း ကော့သောင်းကနေ ရွက်လှေစီးပြီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇ ဦး ဖမ်းဆီးရမိတယ်လို့ one31.net ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၁၅ ရက် နေ့မနက်က မြန်မာဘက်ခြမ်း ကော့သောင်းကနေ ထိုင်းဘက်ခြမ်းရနောင်းဘက်ကို ရွက်လှေတစ်စီး ဝင်ရောက်လာကြောင်း၊ အဆိုပါရွက်လှေပေါ်မှာ လူတစ်စု အထုတ်အပိုးတွေနဲ့အတူ လိုက်ပါလာပြီး ပတ်နမ့်အုပ်စု ဘန့်ခေါဝ်နန်းဟုန်ကျေးရွာရှိ တောတွင်းလှေဆိပ်တစ်ခုမှာ ကမ်းကပ်ခဲ့ကြောင်း ထိုင်းတံငါသယ်ရွာသားတွေက သက်ဆိုင်ရာကို သတင်းပို့ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါလူတစ်စုမှာ ရွက်လှေပေါ်က ခုန်ချပြီး တောအုပ်ထဲထွက်ပြေးသွားတာကို မသင်္ကာ ဖွယ်တွေ့ရှိရတယ်လို့ ပြောတာကြောင့် ခရိုင်အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အဲဒီ တောထဲမှာ ပိုက်စိပ်တိုက်ရှာဖွေစဉ် သစ်ပင်ကြီးတစ်ပင်အောက်မှာ ပုန်းခိုနေတဲ့ လူရွယ် ၇ ဦးကို တွေ့ရတာလို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
ဘာသာပြန်ကနေတဆင့် စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ ကော့သောင်းခရိုင်ရှိ ကျေးလက်တောရွာတွေကနေ ထိုင်းမှာ အလုပ်ရှာဖို့ ဝင်လာတာဖြစ်ကြောင်း၊ မြန်မာပြည်မှာ ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားနေပြီး ကောင်းမွန်စွာဆေးကုသပေးခြင်းမရှိတာက တကြောင်း၊ နိုင်ငံရေးအရ အမြင်မတူသူတွေကို စစ်အစိုးရက ဖမ်းဆီးနှိမ်နင်းမှုတွေ ကြမ်းတမ်းနေလို့ မြန်မာပြည်မှာ သေတာထက် ထိုင်းကိုစွန့်စားပြီး ဝင်ရောက်လာတာလို့ ထွက်ဆိုထားပါတယ်။
ထိုင်းတာဝန်ရှိသူတွေက သူတို့ကို ပတ်နမ့်နယ်မြေရဲစခန်းကို ပို့ဆောင်သွားပြီး နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုတွေနဲ့ အရေးယူသွားမယ်လို့ ပြောပါတယ်။