စစ်ကိုင်တိုင်း ပုလဲမြို့နယ် ပန်းရွာကျေးရွာက ဒေသခံလူငယ် ၇ ဦးကို စက်တင်ဘာ ၁၅ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်က သေနတ်နဲ့ ပစ်ခတ်ပြီး ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ကျနော်တို့ရွာက ကလေး ၇ ဦးပါဗျ။ ဒီကောင်တွေက လူငယ်ဆို အကုန်သိမ်းကြုံး ဖမ်းတော့တာဗျ။ လက်နက်ကိုင်ကိုင် မကိုင်ကိုင် တွေ့ရင်ဖမ်းတာ။ ဖြစ်စဉ်ကဒီလိုပါဗျာ။ မနက် ဒီ ကောင်တွေလာတော့ ရွာလုံးကျွတ်ထွက်ပြေးကြတာ။ ဒီကလေးတွေက ရွာနဲ့ဝေးရာကို နွားသွားကျောင်းနေကြတာဆိုတော့ ရွာထဲ စစ်တပ်ဝင်တာလည်း ဘယ်သိမလဲ။ နွားကျောင်းပြီးအ ပြန်ရွာထဲဝင်တော့ စစ်တပ်က GZ ဆိုပြီး သေနတ်နဲ့ ပစ်တော့တာပဲ။ ကလေးတွေလည်း ကြောက်ပြီး ပြေးကြတာပေါ့။ အဲလို အပစ်ခံရလို့ ကလေးတစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်” လို့ ပြောပါတယ်။
အဖမ်းခံရသူတွေကတော့ ရန်နိုင်ထွန်း၊ စင်မောင်၊ အောင်ရှိန်မင်း၊ ဖိုးပိန်၊ ထွန်းဇော်ဦး၊ မျိုးကို စတဲ့ လူငယ် ၇ နှစ်ဦးဖြစ်ပြီး အောင်ရှိန်မင်းက အသက် ၁၄ နှစ်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အောက်ကျင်းရွာက နေအိမ်တလုံးကနေ လက်ဝတ်ရတနာတွေနဲ ငွေသိန် ၂၀ လည်း ယူသွားကြတယ်လို့ ပန်းရွာသားတစ်ဦးက ပြောပါတယ်။
ပုလဲမြိုနယ်အတွင်း စစ်ကောင်စီတပ်တွေက စစ်အင်အားအလုံးအရင်းနဲ့ တြိဂံပုံစံ ပိတ်ဆို့ဖမ်းဆီးတာတွေလုပ်နေတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ရွာအပြင်မှာ ရွာသားတွေ ပုန်းအောင်နိုင်မဲ့ တော၊ တောင်တွေထဲကိုလည်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း ပြုလုပ်နေတယ်လို့ စစ်ဘေးရှောင်ရွာသားတွေက ပြောပါတယ်။
လက်ရှိ ပန်းရွာကျေးရွာ စာသင်ကျောင်းအတွင်းမှာ စစ်သား ၄၅ ယောက် တပ်စွဲနေထိုင်ပြီး ကျေးရွာအတွင်းက အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားယောက်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။