ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၂ ဦး စက်တင်ဘာ ၁၃ ရက်ညက ဖမ်းဆီးခံရပြီး ထိုင်းဥပဒေအတိုင်းအရေးယူခံရပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့တစ်ဘက်ကမ်းက တစ်ဆင့် မဲဆောက်ဘက်ကို စက်လှေနဲ့ ကူးလာကြပြီး ထဆိုင်လွတ်တိုက်နယ်(တမအရပ်ကွက်၃) မှာ တပ်ခွဲ ၄၃၁ ထိုင်းလုံခြုံရေးတပ်ဖွဲ့က တွေ့ရှိပြီး စစ်ဆေးမေးမြန်းရာ ထိုင်းနိုင်ငံပြည်ဝင်ခွင့်စာရွက်စာတန်းတွေ မပါတဲ့အတွက် ဖမ်းဆီးခံရတာပါ။
ဖမ်းဆီးခံရတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁၂ ယောက်ကို ကျန်းမာရေးစစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့ပြီး ထိုင်းလဝက ဥပဒေ အတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဘက်မှာ စစ်အာဏာရှင်ဘေးနဲ့ ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကြောင့် ပြည်သူလူထုတွေဟာ အလုပ်အကိုင်ရှားပါးပြီး မိသားစု စားဝတ်နေရေးအတွက် ထိုင်းနိုင်ငံကို အခက်အခဲအမျိုးမျိုးကြားက သွားရောက် အလုပ်လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။