ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းက ရဲကင်းစခန်းဟောင်းတစ်ခု စက်တင်ဘာ ၁၃ ရက်ည က မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာအနီး လုပ်ကွက်ဟောင်းတစ်ခုက ကျောက်စိမ်းလုပ်ကွက်တွေကို စောင့်ကြည့်ဖို့ တပ်စွဲထားတဲ့ ရဲကင်းစခန်းတစ်ခု မီးရှို့ ဖျက်ဆီးခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသေခံတဦးက "ည ၈ နာရီကျော်လောက်မှာ ရဲကင်းက မီးရှို့ခံရတာ။ ဘယ်သူတွေရှို့လဲတော့ သေချာတိတိကျကျ မသိဘူး။ ရဲကင်းနဲ့ ဂိုဒေါင်တစ်ခု မီးလောင်သွားတယ်" လို့ ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ အာဏာသိမ်းပြီးနောက် မေလကစတင်ပြီး နေရာအချို့မှာ ဗုံးပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး သြဂုတ် ၃၁ ရက်နေ့က မြို့နယ်စည်ပင်သာယာရေး ရုံးအဝင်တံခါးပေါက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
ဖားကန့်မြို့နယ်ဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ထားပေမယ့် စစ်အာဏာရှင် ဆန့်ကျင်ရေး နေ့စဉ်မပြတ် ဆန္ဒပြနေကြပြီး ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့က စတင်ကာ ဒီနေ့အထိ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရပါတယ်။