မကွေးတိုင်းဒေသကြီး ဆောမြို့နယ်မှာ စက်တင်ဘာ ၁၃ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်လောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆော PDF ကထုတ်ပြန်ပါတယ်။
ကံချောင်းရွာကနေ ဆောမြို့ဘက်ကို တက်လာတဲ့ စစ်ကောင်စီကား ၁၀ စီး အင်အား ၁၂၀ လောက်ကို ကြိမ်ချောင်း လမ်းခွဲနားမှာ ဆော PDF က ဗုံးခွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၅ ယောက်လောက် ထိခိုက်ဒဏ်ရာရသွားပြီး သေဆုံးတဲ့စာရင်းကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
အဲဒီပေါက်ကွဲမှုဖြစ်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ပေမယ့် ဆော PDF တပ်ဖွဲ့ဘက်က အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဂန့်ဂေါခရိုင် ယောဒေသအတွင်းမှာ အခုတစ်ပတ်အတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွာခဲ့ပြီး စစ်ကောင်စီဘက်က ၇၀ ကျော် လောက်သေဆုံးပြီးတော့ ကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသခံပြည်သူ ၂၀ နီးပါး နိုင်ငံအတွက် အသက်ပေးလိုက်ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စစ်ကောင်စီယာဉ်တန်း ဗုံးခွဲခံရမှုကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။