ကရင်ပြည်နယ်၊ ဖာပွန်မြို့မှာ အခြေချတပ်စွဲထားသော ဗျူဟာကုန်းကနေ စစ်ကောင်စီတပ် ခလရ ၁၉ က စက်တင်ဘာလ ၁၂ ရက် မနက် ၇ နာရီခွဲလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံ ပြည်သူရဲ့ နေအိမ်တစ်လုံး ထိမှန်သွားပါတယ်။
KNU/KNLA တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်မြို့အတွင်း စစ်ကောင်စီ တပ်စွဲထားတဲ့ ခလရ၁၉ စခန်းကနေ KNLA ကို ခြောက်လှန့်တဲ့အနေနဲ့ 60 MM နဲ့ 81 MM လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။
အဆိုပါ ပစ်ခတ်မှုကြောင့် ဖာပွန်မြို့ အနောက်ဘက်ရှိ ဒေသခံ ပြည်သူနေအိမ် တစ်လုံး ထိမှန်ပြီး အိမ်ခေါင်မိုး ထိခိုက် ပျက်စီးသွားပေမဲ့ လူတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ကရင်ပြည်နယ်အတွင်း ကေအန်ယူ တပ်မဟာ ၁ နဲ့ တပ်မဟာ ၅ နယ်မြေတွေကို စစ်ကောင်စီ တပ်တွေက အန်စီအေစာချုပ်ကို ဖောက်ဖျက်ပြီး ကျူးကျော်ဝင်ရောက် ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။
ထိုးစစ်ဆင်ရာမှာ ရွာသားတွေ မွေးမြူထားတဲ့ အိမ်မွေး တိရစ္ဆာန်တွေကို သတ်ဖြတ်စားတာ လက်နက်ကြီးတွေနဲ့ ခြောက်လှန့်ပစ်ခတ်တာတွေရှိသလို ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ကရင်ရွာသား အယောက် ၂၀ ထက်မနည်းရှိတယ်လို့လည်း ဒေသခံတွေပြောပြချက်အရ သိရပါတယ်။