မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာကို စက်တင်ဘာ ၁၃ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ထပ်မံမီးရှို့ ဖျက်ဆီးနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဒီကနေ့ မနက် ၇ နာရီလောက်က နှမ်းခါးကျေးရွာကို သေနတ်တွေ ဆက်တိုက်ပစ်ဖောက် ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၁၀ လုံးလောက် မီးလောင်ပျက်စီးသွားပြီလို့ ဒေသခံတစ်ယောက်က DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်မီးရှို့သွားလို့ နှမ်းခါးရွာက အိမ်ခြေ ၃၆ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီးတော့ ရွာလုံးကျွတ်ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာတချို့ကို ဖျက်ဆီးမီးရှို့တဲ့အပြင် နေအိမ်တွေမှာရှိတဲ့ အိမ်မွေးတိရစ္ဆာန်၊ ဆန်ရိက္ခာတွေနဲ့ ငွေကြေးတွေကို ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။
ဂန့်ဂေါမြို့နယ်ထဲမှာ စက်တင်ဘာ ၈ ရက်နေ့လောက်ကတည်းက ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စက်ကောင်စီဘက်က အများအပြား သေဆုံးသလို ရပ်ရွာကာကွယ်ရေးလုပ်နေတဲ့ လူငယ်တချို့ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။