ရန်ကုန်မြို့ သာကေတမြို့နယ်မှာ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်တွေက ရပ်ကွက်လမ်းတွေ ပိတ်ဆို့ရှာဖွေပြီး ပြည်သူ ၁၀ ယောက်ထက်မနည်းကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သာကေတမြို့နယ်၊ အနော်မာ (၁) ရပ်ကွက်၊ အနော်မာ ၄ လမ်း၊ ၅ လမ်း၊ ၇ လမ်း၊ ၈ လမ်း စတဲ့ လမ်းတွေကို စစ်ကောင်စီဘက်က စစ်ကား ရဲကားတွေနဲ့ လှည့်လည်ခဲ့ကြပြီး အနော်မာ ၇ လမ်းနဲ့ ၈ လမ်းကို ပိတ်ဆို့ရှာဖွေခဲ့ပြီးနောက် ပြည်သူ ၁၀ ဦးလောက်ကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဲနှင့် စစ်သားအင်အား ၃၀ လောက်ရှိပြီး လူငယ်တစ်ယောက်ကိုလည်း လက်ပြန်ကြိုးတုပ် ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ အနီးအနားရှိ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးတဲ့အပြင် စက်တင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းမှာလည်း သုမနလမ်း ၅ လမ်းအတွင်းရှိ ပြည်သူတချို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။