ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရေတာရှည်လမ်းသစ်ရှိ အိမ်တအိမ်က အမျိုးသမီးတဦးကို စက်တင်ဘာ ၁၁ ရက်နေ့ည စစ်တပ်နဲ့ရဲတွေ ဝင်ရောက်ရှာဖွေရာမှာ မတွေ့တဲ့အတွက် မိဘအပါအဝင် မိသားစုဝင် ၃ ဦးကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ရဲကားနဲ့ စစ်ကားတွေ ရောက်နေတာဟာ ည ၉ နာရီဝန်းကျင်လောက်တည်းက ရောက်နေတာဖြစ်ပြီး အချိန်တော်တော်ကြာမှ ထွက်သွားတယ်လို့ ရေတာရှည်လမ်းသစ်ထဲ နေထိုင်သူတွေက ပြောပါတယ်။
ရဲကားဟိုင်းလတ်တစ်စီး၊ စစ်ကားဟိုင်းလတ်တစ်စီး၊ ဒယ်ဘယ်ကတ် အနက်ရောင်တစ်စီး၊ ရဲကား ကားကြီးတစ်စီး၊ ရဲကားအသေးတစ်စီး အားလုံးပေါင်း ၅ စီးနဲ့ လာရောက်ကာ ၁၀ နာရီခွဲကျော်ကျော်မှာ ပြန်ထွက်သွားတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။
စစ်တပ်က လာရောက်ရှာဖွေတဲ့သူဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်သူလို့ သိရပါတယ်။
သူဟာ ပြန်လည်လွတ်မြောက်လာတည်းက အဲဒီနေရာမှာ နေထိုင်ခြင်းမရှိတော့ဘူးလို့လည်း သိရပါတယ်။