မကွေးတိုင်း၊ မြိုင် PDF တပ်ဖွဲ့က စက်တင်ဘာလ ၆ ရက်မှ ၉ ရက်အထိ ဖောက်ခွဲ၊ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးခဲ့ပြီး Mytel တာဝါတိုင် ၆ တိုင် ပျက်စီးသွားတယ်လို့ စက်တင်ဘာ ၁၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။
မြိုင်မြို့နယ်နဲ့ ပုလဲမြို့နယ်အစပ်မှာ စက်တင်ဘာ ၉ ရက်က မြိုင်PDF ၊ ပုလဲPDF နဲ့ PRA တပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးပြီးတော့ PDF ဘက်က အထိခိုက်အကျဆုံးမရှိဘဲ ဆိုင်ကယ်တချို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး စက်တင်ဘာ ၆ ရက်မှာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီးဖြစ်တဲ့ Mytel တာဝါတိုင် ၆ တိုင်ကို ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီး စက်တင်ဘာ ၈ ရက်မှာ စစ်ကောင်စီရဲ့ သတင်းပေး ဒလန် ၄ ယောက်ကို ပစ်ခတ်သတိပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၉ ရက်မှာပဲ အကြမ်းဖက်စစ်ကောင်စီကို ဆက်ကြေးပေးပြီး ပြေးဆွဲနေတဲ့ ရေနံစိမ်းသယ် ဆီဘောက်ဆာယာဉ်တစ်စီးကိုလည်း ဖောက်ခွဲ သတိပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။