Home
မြန်မာသတင်း
ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်နိုင်
DVB
·
September 11, 2021
241805885_2055812071240527_4085491475638680449_n

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့ မြောက်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၄၈  နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်တိုင်းထွာချက်အရ  ခန့်မှန်းထုတ်ပြန်လိုက်ပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာလည်း မုတ်သုံလေ အားကောင်းနေပြီး တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ အပူပိုင်းမုန်တိုင်း "ကွန်စွန်း"(CONSON)ကတော့ ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့(Danang)ရဲ့ အရှေ့-အရှေ့တောင်ဘက် မိုင်(၉၀)ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေကာ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။ 

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကချင်ပြည်နယ်နဲ့  ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းမှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့  ချင်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မိုးရွာခဲ့ပါတယ်။

ကျန်တိုင်းဒေသကြီးနဲ့  ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ နေပြည်တော်မှာတော့ ဒေသအလိုက်နဲ့  တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့တွင် နေရာကွက် မိုးကြီးခဲ့တယ်လို့ သိရပါတယ်။

မနက်ဖြန် မနက်က်အထိခန့်မှန်းချက်ကတော့  ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)မှာ နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ ခန့်မှန်းပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် နေရာကွက် မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ ခန့်မှန်းပါတယ်။

မြန်မာ့ပင်လယ်ပြင်၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်ကာ  မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေက တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်သလို  လှိုင်းအမြင့်မှာ  ၉ ပေမှ  ၁၃ ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024