မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရွာကို စက်တင်ဘာ ၁၁ ရက် ဒီမနက် ၅ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကား ၆ စီး၊ အင်အား ၁၅၀ လောက်နဲ့ ဝင်ရောက် စီးနင်းတာကြောင့် ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“အကြမ်းဖက်စစ်တပ်က ဒီကနေ့မနက်မှာ မအူရွာထဲကို သေနတ်ပစ်ဖောက် ဝင်ရောက် စီးနင်းတာကြောင့် ရွာလုံး ကျွတ်ထွက်ပြေးနေကြရတယ်”လို့ ရေစကြိုမြို့နယ် သပိတ် ခေါင်းဆောင် ကိုဝေယံနိုင်က ပြောပါတယ်။
ပုဒ်မ ၄ ခုလောက်နဲ့ အမှုဖွင့် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရေစကြိုမြို့နယ် သပိတ်ခေါင်းဆောင် ကိုဝေယံနိုင်ရဲ့ နေအိမ်အပါအဝင် ကျေးရွာထဲက နေအိမ်အများအပြားကို မွှေနှောက် ဖျက်ဆီးသွားပြီး နေအိမ်တွေက ဆန်တွေနဲ့ ငွေကြေးတွေကိုလည်း ယူဆောင်သွား ကြတယ်လို့ သိရပါတယ်။
ရေစကြိုမြို့နယ် သပိတ်ခေါင်းဆောင် ကိုဝေယံနိုင်ရဲ့အိမ်ကို စစ်တပ်က မွှေနှောက်ဖျက်ဆီးတာ ခုတကြိမ်ပါနဲ့ဆို ၄ ကြိမ်ရှိပြီလို့ ဆိုပါတယ်။
အဲဒီအကြမ်းဖက်စစ်သူပုန်တွေဟာ ရေစကြိုမြို့နယ်ထဲမှာ PDF တပ်ဖွဲ့ဟာ စက်တင်ဘာ ၁၀ ရက်က ရှင်မတောင်အနီးမှာရှိတဲ့ စစ်တပ်ရဲ့ အဓိကစီးပွားရေးလုပ်ငန်း တစ်ခုဖြစ်တဲ့ မိုင်တဲလ် တာဝါတိုင်ကို ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။