Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် စစ်ကောင်စီတပ် စီးနင်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန်
DVB
·
September 10, 2021
241715814_1174335036393838_1329556180585986200_n

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ဘန်းကုန်းဆည်ပတ်ဝန်းကျင်မှာ ဒေသခံပြည်သူတွေ ယာယီနေထိုင်ကြတဲ့ တဲတိုက်တွေကို စက်တင်ဘာ ၉ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းရှာဖွေပြီး ပစ်ခတ်တာကြောင့် ဒေသခံပြည်သူတဦး ကျည်ဆန်ထိမှန်ခဲ့ပြီး ပြည်သူတွေ ထွက်ပြေးကြရတယ်လို့ သိရပါတယ်။

ဒေသခံရွာသားတဦးက “ဒီနေရာက က.ပ.စ (၁၈) နဲ့ နီးတယ်။ သူတို့က PDF တွေကို တောနင်းရှာတော့ ကြောက်ပြီးထွက်ပြေးကြတာပေါ့။ အဲ့တာကိုပစ်တာ ကလေးတယောက်ထိသွားတယ်။ ဒီတဲတိုက်တွေမှာက တောင်ယာလုပ်တဲ့သူတွေပဲ နေထိုင်လာကြတာ။ အခြားလူစိမ်းမရှိဘူး” လို့ ပြောပါတယ်။

ဘန်းကုန်းဆည်အနီးတဝိုက်က ကျေးရွာနေပြည်သူအချို့ဟာ မိုးရာသီအတွင်း အလယ်ရိုးမတောင်ခြေမှာရှိတဲ့ ဘန်းကုန်းဆည်အနီးက မြေလွတ်မြေရိုင်းတွေမှာ ထွန်ယက်ပြီး တောင်ယာစိုက်ပျိုးကြတဲ့ ပြည်သူတွေနေထိုင်တဲ့ ဒေသအခေါ် သရက်အုပ်တဲတိုက်တွေဟာ ဘန်းကုန်းဆည်အနီးမှာ တနေရာကို တဲတိုက်အစု ၃၀ ဝန်းကျင်နဲ့ ၃ နေရာလောက်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “ရွာမှာ လယ်ပိုင်ယာပိုင်မရှိလို့ တောထဲသွားပြီး တောင်ယာလုပ်တာတောင် ပြည်သူတွေကို အသက်အန္တရာယ်ဖြစ်အောင်ရန်ရှာနေတော့ ဘာလုပ်စားကြမလဲ၊ ပြည်သူတွေဒုက္ခရောက်ကုန်ပြီ'' လို့ ပြောပါတယ်။

တောင်တွင်းကြီးမြို့နယ်က တိုက်ပွဲကျေးရွာ၊ ဖက်သန်းတပ်ကျေးရွာ၊ ညောင်မှော်ကျေးရွာနဲ့ ဥယျာဉ်စုကျေးရွာက ဒေသခံပြည်သူတွေဟာ မိုးရာသီမှာ ဘန်းကုန်းဆည်ကိုအားထားပြီး ဘန်းကုန်းဆည်ဝန်းကျင်မှာ တဲတိုက်တွေထိုးပြီး တောင်ယာစိုက်ပျိုးလုပ်ကိုင်စားသောက်ကြတယ်လို့ သိရပါတယ်။

အဆိုပါကျေးရွာတွေရဲ့ အနီးတဝိုက်မှာ ပ.ခ.န တပ်၊ က.ပ.စ ၁၈ တပ်နဲ့ ဆောက်လုပ်ရေး GE တပ်တို့ တည်ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024