တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် တောင်ပျောက်ကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေါင်းမင်းစစ်ဆင်ရေး (TYC-PDF) အဖွဲ့တို့ စက်တင်ဘာလ ၇ ရက်နေ့အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ကြရာမှာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း PDF ဘက်က ဒဏ်ရာရရှိသူနဲ့ ကျဆုံးသူမရှိကြောင်း ထားဝယ် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ် (DPDA) က ထုတ်ပြန်ကြေညာထားပါတယ်။
တိုက်ပွဲဖြစ်ပွားရာကျေးရွာက နေအိမ်တစ်လုံးကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး ငွေကျပ် ၁၂ သိန်းနဲ့ ဆန်အိတ်တွေကိုပါ လုယူသွားတယ်လို့ ဆိုပါတယ်။
အပြစ်မဲ့ရွာသား ၈ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ၁ ယောက်ကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ထားဝယ် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ် (DPDA) အဖွဲ့ဟာ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့အပါအဝင် မဟာမိတ် PDF တပ်ဖွဲ့ ၉ ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။
တောင်ပျောက်ကျေးရွာ တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။