ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာရှိ အန်အယ်လ်ဒီပါတီဝင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးမင်းသိန်းဟာ စက်တင်ဘာ ၈ ရက် ပါဆယ်ဗုံးနဲ့ တိုက်ခိုက်ခံရလို့ ဒဏ်ရာရရှိသွားပါတယ်။
ဦးမျိုးမင်းသိန်းရဲ့ နေအိမ်ကို စက်တင်ဘာ ၈ ရက် ညနေ ၃ နာရီခွဲလောက်က အမည်မသိသူတစ်ဦးက မြို့မှပေးပို့တဲ့ ပါဆယ်အထုပ်တစ်ထုပ်လာပေးခဲ့ပြီး ပေးပို့သူထွက်သွားပြီးနောက် ပါဆယ်ထုပ်ကနေ ပေါက်ကွဲမှုဖြစ်ကာ ဦးမျိုးမင်းသိန်းရဲ့ ဝမ်းဗိုက်နဲ့ ခြေလက်မှာ ဒဏ်ရာရရှိခဲ့သလို အတူနေမိသားစုဝင်တချို့လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးပေါက်တဲ့နေအိမ်ကို စစ်တပ်က လာရောက်စစ်ဆေးပြီး လက်လုပ်ဗုံးစမ်းသပ်လို့ ပေါက်ကွဲခဲ့တာလို့ စွပ်စွဲကာ ဆေးဝါးကုသမှုခံယူနေတဲ့ ဦးမျိုးမင်းသိန်းကို ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။
"စစ်တပ်က အိမ်သွားစစ်တယ်ပြောပြီး၊ သက်သေမတွေ့ရဘူး၊ ဗုံးခွဲတိုက်ခိုက်ခံရသူကို လက်လုပ်ဗုံး စမ်းတယ်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းထာတယ်”လို့ ရေကြည်ဒေသခံတစ်ဦးက ပြောပါတယ်။
ဦးမျိုးမင်းသိန်းဟာ စစ်တပ် အာဏာသိမ်းယူပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်ကနေ နုတ်ထွက်ခဲ့သူထားသူဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင်တစ်ဦးလည်းဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုမွေးထားတဲ့ ဧရာ၀တီ အမျိုးသားရေးတပ်ဖွဲ့ကတော့ CRPH ၊NUG ၊PDF များအားထောက်ခံနေသူတွေ၊ ပတ်သက်ဆက်နွှယ်နေသူတွေရဲ့ နေရပ်လိပ်စာတွေကို အမည်စာရင်းပြုစုပြီးဖြစ်ကြောင်းနဲ့ ဒီလူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို နိဂုံးချုပ်ပေးဖို့ အဆင်သင့်ရှိနေပြီလို့ ကြေညာထားပါတယ်။