မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ကန်အုပ်စု အောင်ချမ်းသာရွာကို စက်တင်ဘာ ၈ ရက် ညနေ ၄ နာရီလောက်က စစ်တပ်အင်အား ၃၀ လောက်နဲ့ စီးနင်းရှာဖွေတာတွေပြုလုပ်ပြီး ပြည်သူတစ်ဦးရဲ့နေအိမ်ရှိပစ္စည်းတွေကို မီးရှို့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်တွေ ရွာကို ဝင်ဖျက်ဆီး ရှာဖွေတာ ၄ ကြိမ်ရှိသွားပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာထဲဝင်ဝင်ချင်း သေနတ် အချက် ၃၀ ကျော်လောက်ပစ်တယ်၊ တစ်ရွာလုံးထွက်ပြေးရတာပေါ့။ တအိမ်တက်ဆင်းရှာတယ်၊ သူတို့လိုချင်သူမဟုတ်လို့ ဖြစ်မယ် ဖမ်းဆီးတာမရှိဘူး။ အဲဒီအိမ်ကိုတော့ အိမ်မကြီးရော အိမ်သားပါ ရိုက်ချိုးဖျက်ဆီးတဲ့အပြင် အိမ်ရှိပစ္စည်းအားလုံးကိုလည်း မီးပုံရှို့သွားတယ်။ အိမ်ရှင်မိသားစုတွေအားလုံးက စစ်တပ်အကြိမ်ကြိမ်လာနေလို့ တိမ်းရှောင်ပြေးသွားကြတာ ရက် ၂၀ ကျော်လောက်ရှိပြီ။”
စစ်ကောင်စီတပ်တွေဟာ အောင်ချမ်းသာရွာကနေ ညနေ ၆ နာရီလောက် ပြန်ထွက်သွားကြပြီး အပြန်လမ်းတလျှောက် လမိုင်းအုပ်စု လက်ဝဲကြီးရွာနဲ့ကျောက်တံတားရွာတို့ကိုလည်း ဝင်ရောက်ရှာဖွေသွား တယ်လို့ သိရပါတယ်။
မတ္တရာမြို့နယ် အတွင်းမှာ စက်တင်ဘာ ၈ ရက်နေ့လယ်ပိုင်းကလည်း လမိုင်းအုပ်စု၊ ကျောက်တံတားကျေးရွာက ဒလန်လို့ နာမည်ကြီးနေတဲ့ အမျိုးသမီးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။