မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်မှာ PDF တပ်ဖွဲ့က စက်တင်ဘာ ၈ ရက်နေ့ နေ့လယ်ပိုင်းမှာ Mytel တာဝါတိုင်တစ်ခုကို ထပ်မံဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ KPG-PDF တပ်ဖွဲ့ကနေ သိရပါတယ်။
ကျောက်ပန်းတောင်းမြို့ အနောက်ဘက်ကြံ့စို့ရွာနားက Mytel တာဝါတိုင်ကို မနက် ၁၁ နာရီကျော်လောက်မှာ PDF တပ်ဖွဲ့က ဗုံးဖောက်ခွဲခဲ့တာဖြစ်ပြီး တာဝါတိုင်နဲ့ စက်ပစ္စည်းတချို့ မီးလောင် ပျက်စီးသွားတယ်လို့ ကျောက်ပန်းတောင်း PDF တပ်ဖွဲ့ဝင်တစ်ယောက်က DVB ကို ပြောပါတယ်။
Mytel တာဝါတိုင်တွေကို ဖောက်ခွဲဖျက်ဆီးရတာဟာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပင်မစီးပွားရေးဖြစ်တာကြောင့် ဖောက်ခွဲဖျက်ဆီးတာလို့ ဆိုပါတယ်။
ကျောက်ပန်းတောင်း PDF အနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ကိုင်တုတ် ပျူစောထီးတွေ၊ သတင်းပေး ဒလန်တွေအပြင် စစ်အုပ်စုနဲ့ ဆက်နွှယ်သူတွေကို အဓိက တိုက်ခိုက်သွားမယ့်အပြင် စစ်ကောင်စီရဲ့ စီပွားရေးနဲ့ သက်ဆိုင်တဲ့ နေရာအားလုံးကို ဗုံးခွဲတိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။
ကျောက်ပန်းတောင်း PDF အနေနဲ့ စက်တင်ဘာ ၇ ရက်နေ့ ညကလည်း Mytel တာဝါတိုင်တစ်တိုင်နဲ့ စစ်ကောင်စီရဲ့ အမြောက်တပ်ကို သွယ်တန်းထားတဲ့ ရေပိုက်လိုင်းကို ဖောက်ခွဲ ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။