ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဘက်မှာ ရိက္ခာသယ်လာတဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်ကားတစ်စီး ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖောင်းဆိုင်လမ်းခွဲ ကောင်းလုံဘက် တက်သွားတဲ့လမ်းမှာ ပြည်သူ့စစ်ကားကို MNDAA ကိုးကန့်အဖွဲ့က မနက် ၁၁ နာရီလောက် ပစ်ခတ်ခဲ့တာဖြစ်ပြီး ၁၀ မိနစ်လောက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မျက်မြင် ဒေသခံတစ်ဦးက ပြောပါတယ်။
“ပြည်သူ့စစ်ကားက လယ်ထဲ မောင်းဝင်သွားတယ်။ လူတော့ သေလား၊ မသေလား သေချာ မသိဘူး။ တစ်ယောက်သေတယ်လို့ ပြောတယ်။ လူသေအလောင်းတော့ မတွေ့ဘူး။ စစ်ကောင်စီ စစ်သားတွေ အများကြီးပဲ။ လာပစ်တာတော့ ကိုးကန့်တွေ ဟုတ်တယ်လေ။ စစ်ကောင်စီက ဆန်၊ ဆီ အစားအသောက် ရိက္ခာတွေ တင်လာပြီး ဖောင်းဆိုင်ဘက် တက်သွားဖို့မို့လို့ ကိုးကန့်တွေက အဲဒီလမ်းဆုံမှာ ပစ်လိုက်တာ” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားမှုအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်နဲ့ MNDAA ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ရှမ်းပြည်မြောက်ပိုင်းမှာ ဇူလိုင်လဆန်းပိုင်းကစပြီး စစ်ကောင်စီနဲ့ မြန်မာနိုင်ငံဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့အကြား တိုက်ပွဲဖြစ်နေတာ ဖြစ်ပြီး အရပ်သားပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး ၁ ဦး ၁ ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ကြူကုတ် (ပန်ဆိုင်း) နဲ့ မုံးကိုး မြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ ၂၂၈၀ ရှိပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။