စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၇ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိတယ်လို့ ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) က စက်တင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ပုလဲမြို့နယ်နဲ့ မြိုင်မြို့နယ်အစပ် စံပြကျေးရွာအနီး ဒီနေ့မနက် ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) တပ်ရင်း ၁ တပ်ခွဲနဲ့ ဒေသခံ (PDF) တို့ ပူးတွဲတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်မှ အင်အား ၃၀ ကျော် ဆိုင်ကယ်တွေနဲ့ တက်လာတာကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) နဲ့ ဒေသခံ (PDF) အဖွဲ့တို့က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီမှ အလောင်းတွေကို ပြန်သယ်သွားကြောင်း၊ သွေးအိုင်တွေကို သဲနဲ့ဖုံးပြီး ဆိုင်ကယ်အချို့ကိုလည်း ပြန်လည်ယူဆောင်သွားခြင်း မရှိဘူးလို့ ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်ပွားမှုနဲ့ ထိခိုက်ကျဆုံးမှုအခြေအနေကို စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။