မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၄၅ လမ်းနဲ့ ၄၆ လမ်းကြား၊ ၁၀၇ လမ်းနဲ့ ၁၀၈ လမ်းကြားရှိ CDM မလုပ်တဲ့ ကျောင်းဆရာမရဲ့ နေအိမ် စက်တင်ဘာ ၇ ရက် မနက်ပိုင်းက လက်လုပ်ဗုံးနဲ့ ပစ်ခံရတယ်လို့ သိရပါတယ်။
ဒီလို လက်လုပ်ဗုံးနဲ့ ပစ်ခံရတာဟာ ၂ ကြိမ်ရှိပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာနဲ့ ကြီးကြီးမားမား ထိခိုက်ပျက်စီးတာ မရှိခဲ့ဘူးလို့ ရပ်ကွက်နေ ပြည်သူတွေက ဆိုကြပါတယ်။
“ဗုံးပေါက်တာ ဟုတ်တယ်။ ဒဏ်ရာရတာတော့ မကြားဘူး။ အဲ့ဒီဆရာမအိမ် ဗုံးပေါက်တာ ဒါပါနဲ့ဆို နှစ်ကြိမ်ရှိပြီ” လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ကားနဲ့ ရောက်လာပြီး စစ်ဆေးတာတွေလုပ်ကာ ပြန်သွားကြပါတယ်။
အဲ့ဒီဆရာမဟာ စစ်ကောင်စီ ယန္တရားလည်ပတ်ဖို့ ရပ်ကွက်အတွင်း ဧည့်စာရင်း ကိစ္စတွေလုပ်နေတဲ့အပြင် CDM ဆရာ ဆရာမတွေကိုလည်း ဖိအားပေးစည်းရုံးတာတွေရှိတယ်လို့ သိရပါတယ်။