မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်မှာ စက်တင်ဘာလ ၇ ရက်နေ့မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ(၁၇)ကို ဆက်သွယ်ထားတဲ့ ဓာတ်တိုင် ၂ တိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မြို့သစ်မြို့နယ် ညောင်ကုန်းကျေးရွာနာက အကြမ်းဖက်စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၇) ကို ဆက်သွယ်ထားတဲ့ 11-Line ကေဗယ် တိုင် ၂ တိုင်ကို ဒီကနေ့မနက် ၅ နာရီခွဲလောက်မှာ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များနဲ့ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်တဲ့အထိ တိုက်ခိုက်သွားမှာဖြစ်ပြီးတော့ ပြည်သူလူထု အနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
ဗိဿနိုးပြည်သူ့ ကာကွယ်ရေးတပ်မတော်အနေနဲ့ NUG အစိုးရက တိုက်ပွဲခေါ်သံ စတင်ကြေညာတဲ့ စက်တင်ဘာ ၇ ရက်နေ့မနက်ပိုင်းမှာ တောင်တွင်းကြီးမြို့နယ်က ခမရ(၁၀၃)တပ်ရင်းအပါဝင်၊ မြို့သစ်၊ နတ်မောက်နဲ့ ရေစကြိုမြို့နယ်တွေမှာ ဖောက်ခွဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။