ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်မှာနေထိုင်တဲ့ လူငယ် ၂ ဦးကို မနေ့က စက်တင်ဘာ ၆ ရက်နေ့ ညနေ ၃ နာရီခွဲ ဝန်းကျင်လောက်က သူတို့ရဲ့နေအိမ်မှာ စစ်ကောင်စီတပ်တွေက ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေဆီက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ အရွယ် ကိုရန်ပိုင်ဖြိုး (ခ) အငဲ နဲ့ အသက် ၃၀ အရွယ် ကိုဇော်လင်းထက်တို့ ညီအကို ၂ ဦးဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ကိုဇော်လင်းထက် ဟာ ကုတင် ၁၀၀ စစ်ဆေးရုံမှာ သွေးထွက်လွန်ပြီး ည ၈ နာရီဝန်းကျင်လောက်က သေဆုံးသွားခဲ့တယ်လို့ ဆေးရုံနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဒေသခံတဦးက "ည ၇ ခွဲလောက်က ရဲကား ၄ စီး လာစစ်တယ်။ အဲဒီအချိန်အထိ ဘာမှမဖြစ်သေးဘူး။ သိပ်မကြာပါဘူး။ ငိုသံတွေကြားလို့ မေးကြည့်တော့ ဆုံးသွားပြီတဲ့" လို့ ပြောပါတယ်။
ဖမ်းဆီးသွားချိန်မှာ ရိုက်နှက်ခဲ့တဲ့ ဒဏ်ရာတွေကြောင့် သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့တာလို့ ဆေးရုံနဲ့နီးစပ်သူတွေဆီကသိရပြီး သေဆုံးသူနဲ့အတူ ဖမ်းဆီးခံရတဲ့ ကိုရန်ပိုင်ဖြိုးရဲ့ အခြေအနေကို သိရှိနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။