မန္တလေးမြို့၊ အမရပူရမြို့နယ် တောင်သမန်အင်းကန်ပတ်လမ်းမှာ စစ်ကားတစီးကို စက်တင်ဘာ ၅ ရက် မနက် ၁၁ နာရီဝန်းကျင်က ဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးဆုံးရပ်ကွက်က ဒေသခံအမျိုးသားတွေကို ခေါ်ယူကာ ရိုက်နှက်နှိပ်စက် စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ကျနော်တို့ အများဆုံးအရိုက်ခံရတာက အမရပူရမြို့နယ် တရုတ်တန်း၊ ရွှေဂွမ်းထုပ်ရပ်ကွက်က လူငယ်တွေ အများဆုံး အရိုက်ခံရတာ။ အရိုက်ခံရတဲ့ လူငယ်တွေ အတော်များတယ်။ ဘယ်လောက်ရှိမယ်လို့တော့ ကျနော်တို့ စာရင်းပြုစုမထားမိဘူး။ တချို့ကတော့ ကြောက်ကြတော့ ကျိတ်ခံကြတာ။ အပြင်မပြောကြဘူး။ အိမ်ပြင်ခေါ်ထုတ်ပြီး ရိုက်နှက်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အရိုက်ခံရတဲ့ လူငယ်တစ်ဦးကလည်း “တအိမ်ဝင် တအိမ်ထွက် ယောကျ်ားသား မှန်သမျှ အကုန်ထုတ်ခိုင်းတယ်။ ရိုက်နှက်တယ်။ ယောကျ်ားသား မရှိတဲ့အိမ်ဆို မိန်းမတွေကို ထွက်ခိုင်းတယ်။ ရိုက်နှက်တာတွေဆို စုတ်ပြတ်သတ်နေတာပဲ”လို့ ပြောပါတယ်။
အဆိုပါ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး လမ်းသွားလမ်းလာ အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး ဆိုင်ကယ်တစ်စီး မီးလောင်ပျက်စီးတယ်လို့ စစ်ကောင်စီရဲ့ သတင်းမီဒီယာတွေကနေ သတင်းထုတ်ပြန်ပါတယ်။