စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း မြစ်အရှေ့ဘက်တန်းရှိ ရေရှင်ရွာနဲ့ အင်းကျွန်းရွာအနီးမှာ ကလေး PDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံပြည်သူ ထောင်နဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။
စက်တင်ဘာလ ၄ ရက်နေ့က တိုက်ပွဲတွေဖြစ်ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်တာ၊ နေအိမ်မီးရှို့တာတွေ လုပ်တဲ့အတွက် ထွက်ပြေးကြတာလို့ ကလေးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က တိုက်ပွဲတွေဖြစ်တော့ ရေရှင်ရွာနဲ့ အင်းကျွန်းရွာပြည်သူတွေထွက်ပြေးနေရတယ်။ အခုလည်း ရွာတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတယ်။ စားနပ်ရိက္ခာအတွက် အကူညီတွေလိုတယ်” လို့ ပြောပါတယ်။
မနေ့ကဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီစစ်သားတွေ အကျအဆုံးရှိနိုင်ပေမယ့် အတည်မပြုနိုင်သေးဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေး PDF ဘက်ကတော့ တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေအရ ကလေးမြို့နဲ့ ဂန့်ဂေါမြို့အကြား မော်တော်ကားတွေ ဖြတ်သန်းသွားလာတာ လုံးဝ (လုံးဝ) မပြုလုပ်ကြဖို့ ကလေး PDF က အသိပေးထားပါတယ်။