ကချင်ပြည်နယ် ဗန်းမော်မြို့ ဟန်းတဲရပ်ရှိ ပညာတံခွန် ဘုန်းတော်ကြီးသင် အခမဲ့ပညာရေးသင်တန်းကျောင်းမှာ စက်တင်ဘာ ၄ ရက်နေ့ည ၁၁ နာရီကျော်လောက်က ဓားကိုင် ကျူးကျော်ဝင်လာတဲ့ သူခိုး ၃ ဦးကို ကျောင်းသားတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြရာမှာ ၂ ဦး ဖမ်းမိတယ်လို့ သိရပါတယ်။
ကျောင်းဝင်းနဲ့ ရပ်ကွက်အတွင်း ၂ ဦး ဖမ်းဆီးမိခဲ့ပြီး ၁ ဦးကတော့ ဖမ်းမမိသေးဘူးလို့ ကျောင်းဒကာတစ်ဦးက ပြောပါတယ်။
ပညာတံခွန်ဆရာတော်က “မနေ့က ကျောင်းဝင်းအတွင်း ကွန်ကရစ်လမ်း ခင်းနေကြတာကြောင့် မောမောနဲ့ အိပ်ပျော်နေကြတာ၊ သူတို့က မီးတွေဖြတ်ပြီး တိတ်တဆိတ်ကျောင်းထဲဝင်လာတာ၊ ဦးဇင်းတပါးရှိတဲ့ တံခါးကို လာခေါက်ကြတာ၊ အပြင်က အရိပ်က တံခါးကနေ မြင်ရတယ်လေ။ ကျောင်းသားတစ်ယောက်ကလည်း မြင်လိုက်တော့ လိုက်ချောင်းကြည့်ပြီး လာပြောပြလို့ ဝိုင်းဝန်းဖမ်းဆီးကြတာ။ လေးလက်သစ်လောက်ရှိတဲ့ ဘုရားသေးသေးလေးတစ်ဆူကိုတော့ ဖမ်းမိသူ ခန္ဓာကိုယ်ကနေ ပြန်တွေ့ရှိပါတယ်၊ တန်ဖိုးရှိမယ်ထင်လို့ ယူတာဖြစ်လိမ့်မယ်၊ အခုတော့ ရပ်ကွက်လူကြီးတွေနဲ့ ရဲစခန်းကို အပ်လိုက်ပြီ။ လူတော့ ထိခိုက်မှု မရှိတာ ကံကောင်းသွားတယ်၊ သူတို့က လက်နက်တွေနဲ့လေ” လို့ မိန့်ပါတယ်။
ပြည်သူတွေအနေနဲ့ ညအချိန်တွေမှာ အပြင်မီးဖွင့်အိပ်ကြဖို့၊ သတိပြုနေထိုင်ကြဖို့နဲ့ ဘုန်းကြီးကျောင်းတွေလည်း အစောင့်ထားပြီး ဒီလိုကာလမှာ သတိဝီရိယထားဖို့လည်း ဆရာတော်က သတိပေးမိန့်ကြားခဲ့ပါတယ်။
အဲဒီကျောင်းမှာ ကျောင်းသားဦးရေ ၅၀၀ ခန့်ကို အခမဲ့ သင်ကြားပေးနေတာ ၉ နှစ်လောက် ရှိပြီလို့ သိရပါတယ်။
လက်ရှိ ကိုဗစ်ကာလ ကျောင်းပိတ်ထားစဉ် ဆရာတော် အပါအဝင် သံဃာ ၅ ပါး သီတင်းသုံးနေပြီး ကျောင်းသားဦးရေ ၆၀ ခန့် ကျောင်းအိပ်ကျောင်းစားနေကြပါတယ်။
ကိုဗစ်-၁၉ ကာလ ဗန်းမော်မြို့နယ်မှာ stay at home ချထားတာ ၂ လကျော်ကြာပြီဖြစ်တာကြောင့် ဒေသခံတွေ စားဝတ်နေရေး ကျပ်တည်းနေပြီး ခိုးဆိုးလုယက်မှုတွေ မကြာခဏ ဖြစ်နေတယ်လို့ သိရပါတယ်။
ဗန်းမော်မြို့မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၂၀၀၀ နီးပါးနဲ့ သေဆုံးသူ ၁၀၀ ကျော်ရှိနေပြီလို့ သိရပါတယ်။