စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ချောင်းဆုံရွာအနီးမှာ စက်တင်ဘာ ၄ ရက်မနက် ၄ နာရီလောက်မှာ ဖလံချိုင်ရွာသားတစ်ဦးကို စစ်တပ်က ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်သတ်ခံရသူမှာ အသက် ၅၀ အရွယ် ဖလံချိုင်ရွာသား ဦးကံထွန်း ဖြစ်ပြီး ချောင်းဆုံရွာသားတစ်ဦးကို သွားရောက်ခေါ်ယူစဉ် စစ်တပ်နဲ့တိုးပြီး အကြောင်းမဲ့ ပစ်ခတ်ခံရတာလို့ ဒေသခံတဦးက ပြောပါတယ်။
“သူက ဟင်းပေါ်ဖို့ (ဝက်သားဟင်းခုတ်ဖို့) မနက် ၄ နာရီလောက် ချောင်းဆုံရွာသားတစ်ဦးကိုသွားခေါ်တာ၊ ချောင်းဆုံရွာနားအရောက် စစ်တပ်နဲ့ထိပ်တိုက်တိုးပြီး ပစ်သတ်ခံရတာ။”
ဦးကံထွန်းဟာ လက်နဲ့ဝမ်းဗိုက်တို့မှာ သေနတ်ဒဏ်ရာ၊ လည်ပင်းလှီးဖြတ်ဒဏ်ရာတွေနဲ့ လမ်းဘေးမှာ သေဆုံးနေတာဖြစ်ပြီး အလောင်းကိုသယ်ဆောင်ပြီးပြီလို့ ပြောပါတယ်။
တန့်ဆည်မြို့နယ်အတွင်းမှာ စစ်တပ်က ကပေါင်းကျကျေးရွာကစပြီး တရွာဝင်တရွာထွက် နယ်မြေရှင်းလင်းရေးပုံစံနဲ့ စစ်ကြောင်းချီကာ ဒေသခံတွေကို ဖမ်းဆီး ပစ်ခတ် သတ်ဖြတ်နေတာဖြစ်ပါတယ်။
တန့်ဆည်မြို့နယ်မှာ စစ်တပ်က ပစ်ခတ်မှုကြောင့် သေဆုံးသူ ၅ ဦးနဲ့ ဖမ်းဆီးခံရသူ ၁၂ ဦးလောက်ရှိပြီလို့ သိရပါတယ်။