စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အောင်ဇေယျမြို့သစ် (မုံရွာပုသိမ်လမ်းခွဲ) ကုန်စိမ်းစျေးတန်းရှေ့နဲ့ DENKO ဆီဆိုင်ရှေ့ကြားမှာ စက်တင်ဘာ ၃ ရက် ညပိုင်းက စျေးသည် ၁ ဦးကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်ခတ်တာကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “ည ၇ နာရီခွဲလောက်ရှိမယ်၊ မုံရွာမြို့ ကန်သာယာအရှေ့ဘက်မှာရှိတဲ့ ပျံကျစျေးတန်းကို မနက်စောပိုင်းအမီ ရောင်းချဖို့သွားတဲ့ စျေးသည် ၁ ဦးကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်လိုက်တာ၊ ရပ်ဝေးစျေးသည်တွေက မနက်စျေးမီဖို့ ညအိပ်အရောက်လာကြတာတွေရှိတယ်။ အပစ်ခံရတဲ့ စျေးသည်က အပစ်ခံရပြီးပြီးချင်းတုန်းကတော့ မသေသေးဘူး။ ၈ နာရီနောက်ပိုင်းမှ သေသွားတယ်”လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ ဈေးသည်ဟာ အမျိုးသားဖြစ်ပြီး သူ့ရဲ့ အမည်နဲ့နေရပ်လိပ်စာကို မသိကြသေးဘူးလို့ ဆိုပါတယ်။
အောင်ဇေယျမြို့သစ်ဟာ ရွှေတောင်ဦးဘုရားအနီး မုံရွာ-ယာကြီး ကလေးဝ လမ်းပိုင်းနဲ့ မုံရွာ-ပုသိမ် ကားလမ်းပိုင်း လမ်းဆုံနေရာမှာ တည်ရှိကာ စစ်မှုထမ်းဟောင်းတွေ အများစုနေထိုင်တဲ့ ရပ်ကွက်ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေ အမြဲတမ်းအခြေချ တည်းခိုတဲ့ နေရာလည်း ဖြစ်ပါတယ်။