ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ် ရွာတစ်ရွာက တိုင်းရင်းသူ မိသားတစ်စုဟာ စားဝတ်နေရေး ကျပ်တည်းလို့ မူလဇာတိ မိုင်းပျဉ်းကို ပြန်ပြောင်းလာစဉ် လက်ထဲမှာ ငွေတပြားတချပ်မှ မရှိ တဲ့အတွက် လမ်းခရီးမှာ ၁၃ ရက်ကြာ ခြေကျင်လျှောက်လာခဲ့ရပါတယ်။
အဆိုပါမိသားစုကို လမ်းမှာတွေ့ပြီး လိုရာခရီးရောက်အောင် အကူအညီပေးခဲ့တဲ့ ကျိုင်းတုံကိုယ်ပိုင်ဆေးခန်းတစ်ခုမှ ဒေါက်တာ နန်းမားလားဝမ်းက “ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီလောက်မှာ ကျမက ကိုဗစ်-၁၉ လူနာနဲ့ ကွာရန်တင်းဝင်နေသူတွေကို အစားအသောက်တွေသွားလှူတော့ ကျိုင်းတုံဆေးရုံရောက်ခါနီးမှာ သူတို့မိသားစုကိုတွေ့တယ်၊ အဲဒါသနားလို့ ထမင်းကျွေးပြီး အကျိုးအကြောင်းမေးကြည့်တာ၊ အဲဒီမှာ သူတို့က မိုင်းတုံကနေပြီး လာတာတဲ့၊ ကားခမရှိလို့ လမ်းလျှောက်လာတာ မိုင်းတုံကနေ တာချီလိတ် - တာချီလိတ်ကနေ ကျိုင်းတုံထိ တစ်တောင်တက်တစ်တောင်ဆင်း ၁၃ ရက်ကြာပြီ လို့ပြောတယ်၊ ဖိနပ်တွေတောင်ပေါက်ပြဲလို့၊ အမေနဲ့ ကလေး ၂ ယောက် ၊ ခွေးလေးတစ်ကောင်ပါ ပါသေးတယ်၊ ပိုက်ဆံတပြားမှမရှိလို့ ဗိုက်ဆာရင် တွေ့တဲ့နေရာ တောင်းစား၊ မိုးချုပ်ရင်လမ်းဘေးမှာရော လယ်စောင့်တဲတွေရော ၊ ကြုံသလိုအိပ်လာတာ”လို့ ပြောပါတယ်။
အမျိုးသမီးမှာ အသက် ၅၀ ရွယ် ဒေါ်နာဖေ့ ဆိုသူ လားဟူတိုင်းရင်းသူဖြစ်ကြောင်း၊ မိုင်းပျဉ်းဇာတိဖြစ်ကာ မိုင်းတုံမြို့နယ် နားကောင်းမူးရွာသားနဲ့ အိမ်ထောင်ကျကြောင်း၊ အသက် ၁၀ နှစ်ရွယ် သမီးနဲ့ ၆ နှစ်ရွယ်သားလေးရလာတော့ ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီး ရွာမှာအလုပ်အ ကိုင်မကောင်း၊ ဘိန်းစားတွေလည်းများတဲ့အတွက် မိုင်းပျဉ်းရှိ မိဘဆီပြန်လာတာလို့ ဆိုပါတယ်။
အဲဒီနေ့က သူတို့တွေ အရမ်းပင်ပမ်းနေလို့ ဒေါက်တာ့ အိမ်မှာပဲ တစ်ညသိပ်ပြီး မနေ့မနက်မှာ သူတို့မိသားစုကို အလှူရှင်တွေဝိုင်းကူထားတဲ့ စားစရာနဲ့ အလှူငွေတွေနဲ့အတူ မိုင်းပျဉ်းကို ကားစင်းလုံးငှားပေးလိုက်တယ်လို့ ပြောပါတယ်။
သူတို့ရွာဟာ မိုင်းပျဉ်းမရောက်ခင် ၁၀ မိုင်လောက်အလို လမ်းခွဲကနေတက်သွားရကြောင်း၊ အဲဒီတောင်ပေါ်ရွာကို လမ်းမကြီးကနေလှမ်းမြင်ရတဲ့အတွက် လမ်းဘေးမှာချ ထားပေးခဲ့ပြီးဖြစ်တယ်လို့ ကားဆရာက အကြောင်းကြားလာတယ်လို့ ဆိုပါတယ်။ သူတို့မိသားစုကို ထောက်ပံ့ကူညီချင်သူတွေအနေနဲ့ ဒေါက်တာ နန်းမားလားဝမ်း( ကျိုင်းတုံ ) ဖုံးနံပါတ် ၀၉ ၄၂၈၂ ၁၁၃၇၆ ဆက်သွယ်နိုင်ကြောင်း၊ ဒေါက်တာ့အနေနဲ့ လားဟူလူမှုကူညီရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ကူညီပေးသွားမယ်လို့ ပြောပါတယ်။