Home
မြန်မာသတင်း
မိုင်းတုံမြို့နယ်တွင် မိုးသက်လေပြင်းကြောင့် ရှေးဟောင်းစေတီထီးတော်မြေခ
DVB
·
April 11, 2024
lin 2032024
lay 1142024
lay 4 1142024
lay 3 1142024
lay 1 1142024

ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်ထဲမှာ ဧပြီ ၁၀ ရက်ညက မိုးသက်လေပြင်း ကျတာကြောင့် ဝမ့်မိုင်ဆိုင်လင်းရွာ ဘုန်းကြီးကျောင်းဝင်းထဲက ရှေးဟောင်းစေတီတဆူရဲ့ ထီးတော်ကျိုးကျမြေခရသလို နေအိမ်အချို့ ခေါင်မိုးလွင့်စင်ပျက်စီးတာ၊ နှစ်ရှည်သီးပင်တွေ လဲပြိုပျက်စီးတာတွေ ရှိခဲ့ပါတယ်။ 

ဧပြီ ၁၀ ရက် ညနေ ၅ နာရီခွဲကျော်မှာ မိုးနဲ့အတူ လေပြင်းပါ တိုက်ခတ်လာကြောင့် အန္တရာယ်ကင်းအောင် တံခါးတွေပိတ်ပြီး ကျောင်းတိုက်ထဲမှာပဲ နေနေကြောင်း၊ လေငြိမ်လို့ အပြင်ထွက်ကြည့်တော့ စေတီထီးတော်ကျိုးကျနေတာ လှမ်းမြင်ရတာလို့  အဆိုပါကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ သံဃာတပါးက DVB ကို မိန့်ပါတယ်။ 

“မနေ့ညက မိုးရောလေပါတော်တော်ပြင်းပါတယ်၊ မိုးသီးလည်းပါတယ်၊ လေငြိမ်လို့ သွားကြည့်တော့ စေတီထီးတော်မြေခသွားတယ်။ ကျောင်းဝင်းထဲမှာ စေတီကြီးတဆူနဲ့ အရံစေတီ ၄ ဆူရှိပါတယ်၊ အခုထီးတော်မြေခသွားတာက အကြီးဆုံးပင်မစေတီကြီးကပါ၊ စေတီက နှစ်ပေါင်း ၁၀၀ ကျော်ပါပြီ။”

ဒါ့အပြင် ကျောင်းဝင်းထဲက သစ်ပင်၊ သစ်ကိုင်းတွေလဲပြိုပြီး ပိန္နဲသီးတွေလည်း ကြွေကျကုန်တယ်၊ မြို့ထဲဘက်မှာလည်း ဘုန်းကြီးကျောင်းနဲ့ နေအိမ်ခေါင်မိုးတွေ လွင့်ကုန် တယ်လို့ ဆိုပါတယ်။ 

“မိုင်းတုံမြို့မရပ်ကွက်ထဲက ပိဋကတ်ကျောင်းတိုက် ဓမ္မာရုံစုလစ်မွန်းချွန် ကျိုးကျသွားတယ်၊ စင်မြင့်ပေါ်တင်ထားတဲ့ ရေတိုင်ကီလည်းပြိုကျတယ်၊ မြို့ထဲက နေအိမ်နဲ့အဆောက်အဦ လေးငါး လုံးလောက် ခေါင်မိုးတွေ လွင့်သွားတယ်” လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောတယ်။

မိုင်းတုံဒေသခံတဦးက “မိုးသက်လေပြင်းတိုက်တဲ့ချိန် ကျနော်က ပုံပါကျင် သရက်ခြံရောက်နေတာ၊ ကျနော်တို့ခြံက သရက်သီးတွေ အကုန်လုံးကြွေကျပျက်စီးကုန်ပြီ၊ လိုက်ကောက်တာ ကား ၁ စီးနဲ့  အပြည့်ပဲ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေက သရက်သီးမှည့်တွေကို နယ်စပ်မှာရောင်းတာ ၁ ကီလို ထိုင်းဘတ်ငွေ ၂၀ ရကြောင်း၊ ဒီနှစ်မှာတော့ အလုံးကြီး၊ အလုံးငယ်၊ သီးကင်းတွေပါ ကြွေကုန်လို့ ထိုင်းဘတ်ငွေ သောင်းနဲ့ချီ ဆုံးရှုံးတယ်လို့  ခြံပိုင်ရှင်က ပြောသွားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024